တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်းဝကျေးရွာသား ဦးသန်းစိုးကို အကြမ်းဖက် စစ်တပ်က ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဩဂုတ်လ ၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခလရ တပ်ရင်း (၄၀၃) ၊ ဝင်းဝတပ်စခန်းမှ စစ်ကောင်စီ တပ်သား ၂ ဦးသည် စခန်းအတွင်းမှ စွန့်ခွာ ထွက်ပြေးသွား၍ ထွက်ပြေးသူများကို ပြန်လည်ရှာဖွေရန် လိုက်လံဖမ်းဆီးရန်အတွက် ယင်းနေ့ ည ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်းဝကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်စီးနင်းပြီးနောက် စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်းရှိ ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အသက် ၅၈ နှစ်အရွယ် ဦးသန်းစိုးကို ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဝင်းဝတပ်စခန်းမှ ထွက်ပြေးလွတ်မြောက်လာသော စစ်ကောင်စီ တပ်သား ၂ ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄)၊ တပ်ရင်း (၁၂)၊ တပ်ခွဲ (၂) ထံ ဩဂုတ်လ ၄ ရက်နေ့တွင် လက်နက်နှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အလားတူ ရေစကြိုမြို့နယ် ဖူလုံရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၎င်းတို့ အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၄ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဖူလုံရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၎င်းတို့ အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်တိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူများသည် ညအချိန်တည်းက စတင်ကာ လက်ရှိချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ပြည်သူတွေ ထိခိုက်မှုတော့ မရှိပါဘူး။ စစ်ခွေးတွေက ရမ်းပစ်တာဆိုတော့ ရွာထဲကို လက်နက်ကြီးတွေ ထပ်ကျမှာကို စိုးရိမ်လို့ ထွက်ပြေး တိမ်းရှောင်နေရကြတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
