ဒီကနေ့ ဩဂုတ် ၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
တရုတ်နိုင်ငံရဲ့ ဖိအားပေး ကြားဝင်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီနဲ့ TNLA ကြား အခု ဩဂုတ်လအတွင်း ထပ်မံတွေ့ဆုံမှာဖြစ်ပြီး ပြည်သူလူထုဘက်ကနေ TNLA က ရပ်တည်ဆွေးနွေး သွားမှာဖြစ်တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။
-ကရင်ပြည်နယ် မြဝတီမြို့နယ်က DKBA စစ်ရေးချုပ် ဗိုလ်စောစိန်ဝင်းရဲ့ ဝေါလေမှာရှိတဲ့ နေအိမ်ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးပြန်ကျဲသွားမှုကြောင့် နေအိမ်ပါ ပျက်ဆီးသွားပြီး စစ်တပ်က သူတို့ ဘက်တော့သား မဟုတ်တော့ရင် သူတို့ကို မကူညီရင် ရန်သူလို သတ်မှတ်တိုက်ခိုက်တဲ့ သဘောပဲလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မကွေးတိုင်းက အောင်လံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်းတိုက်ခိုက်ခြေမှုန်းနေရာမှာ စစ်ကောင်စီဘက်က သေတဲ့ သူတွေတော်တော်ကို များနေပြီး အထိနာနေကြသလို သူတို့စစ်သားမသာအလောင်းတွေကို လာသယ်တဲ့ စစ်ယာဉ်တန်းကိုပါ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ခြေမှုန်းမှုကို ခံနေရတယ်လို့ ပုဏ္ဏဝတီ PDF တပ်ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ SNA တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ တပ်စွဲထားတဲ့ အင်ကြင်းကုန်းကျေးရွာကို တော်လှန်ရေးတပ်တွေက ဝင်ရောက် တိုက်ခိုက်မှုအတွင်း စစ်တပ်လက်အောက်ခံ SNA ဘက်က အရာရှိ ၂ ဦးအပါအဝင် ၆ ဦးကတော့ အသီးသီး သေကုန်ကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
