စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးရယ်ရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်က တော်လှန်ရေး ရဲဘော် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးကို ဖမ်းဆီး ပစ်သတ်ပြီး ပြည်သူ ၄၀ ကျော်ကိုလည်း ဖမ်းဆီးထားကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၈ ရက်နေ့တွင် ဝက်လက်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ် အစပ်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်း ဝင်ရောက် စီးနင်းစဉ် ထွက်ပြေး တိမ်းရှောင်သည့် ပြည်သူများကို လိုက်လံ ပစ်ခတ်ခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်စီးနင်းပြီးနောက် စစ်ကောင်စီ တပ်သားများသည် ငါးရယ်ရွာမှ ပြည်သူ ၄၀ ခန့်ကို ဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဇူလိုင်လ ၂၉ ရက်နေ့တွင် ဖမ်းဆီးထားသူများထဲမှ အမျိုးသား ၃ ဦးကို စစ်ကောင်စီ တပ်သားများက ပစ်သတ်ခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်း စစ်တပ် စစ်ကြောင်း ထွက်ခွာသွားသည် အထင်ဖြင့် နယ်မြေရှင်းလင်းရေး လာရောက်လုပ်ဆောင်သည့် ရှိမ်းမကား တိုက်နယ်မှ တော်လှန်ရေး ရဲဘော် ၃ ဦးကိုလည်း စစ်တပ် ကင်းပုန်းက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
“ရွာထဲဝင်စီးတဲ့ အချိန်မှာ သူတို့က ပစ်ပြီးဝင်လာတာ အဲမှာ သားမိ ၂ ယောက်က စစ်ကြောင်းဝင်လာလို့ ထွက်ပြေးတာ လှေဆိပ်ဘက်ကို ထွက်ပြေးတာ မြစ်ဆိပ်ဘက်ကို ထွက်ပြေးတဲ့ အချိန်မှာ နောက်ကနေပြီးတော့ လိုက်ပစ်တာ လိုက်ပစ်တဲ့အခါမှာ ကလေး ၁ ယောက်နဲ့ အမျိုးသမီး ၁ ဦးက ပွဲချင်းပြီး သေဆုံးတယ်။ ရွာထဲက ပြည်သူ ၄၀ ကျော်ကိုလည်း စစ်ခွေးတွေက ရွာထဲက ဘုန်းကြီးကျောင်းထဲကို ဖမ်းခေါ်သွားတယ်။ ဖမ်းသွားပြီးတော့ စစ်ဆေးမေးမြန်းတာတွေလုပ်ပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်တယ်။ အဲမှာနယ်မြေရှင်းလင်းရေးဝင်တဲ့ အခါမှာ ရှိမ်းမကား တိုက်နယ်ရဲဘော် ၃ ဦးက ဘုန်းကြီးကျောင်းထဲမှာ ပြည်သူတွေရှိတယ်ဆိုပြီး ပြေးဝင်သွားပြီး သွားကယ်တဲ့ အချိန်မှာ စစ်ခွေး ကင်းပုန်းနဲ့ တွေ့ပြီး ပစ်ခံရတာ ရဲဘော် ၁ ဦးကျဆုံးပြီး ၂ ဦးကတော့ လွတ်မြောက်လာတယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ကျေးရွာများကို စစ်ကြောင်းထိုးနေသောကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ထိတွေ့ တိုက်ပွဲများလည်း ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ကန့်ဘလူမြို့နယ်၊ အိုင်ပေါင်းချောင်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူများကို ဖမ်းဆီးထားစဉ် ( ပုံအဟောင်းဖြစ်သည်)
