27 C
Yangon

မြောက်ဒဂုံမြို့နယ်တွင် ညအချိန် လမ်းထွက်လျှောက်စဉ် ပေါ်တာဆွဲ ဖမ်းဆီးခံရသော ခမရ ၅၅၇ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဩဂုတ် ၆

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်တွင် ညအချိန် ပေါ်တာဆွဲ ဖမ်းဆီးခံရသော ခမရ ၅၅၇ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇူလိုင်လ ၃၀ ရက်နေ့ တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သည် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ ဆက်သွယ်၍ လက်နက်နှင့် အတူ အလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိရသည်။

ထို အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် တင်ဝင်းသည် MA-2 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် ၁၈ တောင့် တို့ကို ယူဆောင်လာခဲ့သောကြောင့် ၁၀ သိန်း ချီးမြှင့်ထားပြီး ထပ်မံ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်မှုထမ်းတပ်သား တင်ဝင်းသည် မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ညအချိန် လမ်းထွက်လျှောက်စဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အလင်းဝင်ရောက်လာတဲ့သူက ပကဖကို တိုက်ရိုက်ဆက်သွယ်လာတာပါ။ ညဘက် လမ်းထွက်တဲ့အချိန်မှာ ခဏ လိုက်ခဲ့ဆိုပြီး ခေါ်သွားတာလို့ပြောပါတယ်။ အလင်းဝင်ရောက်လာတဲ့သူက စစ်မှုထမ်း အပတ်စဉ် ၉ သင်တန်းကပါ။ စစ်မှုထမ်း သင်တန်းကို တိုက်ကြီး ဂျိုးဖြူ တန်းမြှင့် စစ်သင်တန်းကျောင်းမှာ တက်ခဲ့တယ်လို့ သိရတယ်။ သူက ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်ကပါ။ လောလောဆယ် ၁၀ သိန်းတော့ ကနဦး ချီးမြင့်ပေးထားတယ်။ စစ်မှုထမ်း ညီအကိုတွေကို ပစ်ရတာ ရင်ထဲနာကျင်ရတယ်။ ဒါကြောင့်မို့လို့ နီးစပ်ရာ တော်လှန်ရေးတပ်ရင်း တပ်ဖွဲ့ထံ အမြန်ဆုံးထွက်ပြေးကြပါ။ လက်နဲ့အတူ အလင်းဝင်ပါက ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်ပေးသွားမယ်ဆိုတာ အသိပေးပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီ တပ်သားများ အနေဖြင့် ပြည်သူလူထုဘက်မှ ရပ်တည်လိုပါက တနင်္သာရီတိုင်း စစ်ဌာန၏ တပ်ရင်းတပ်ဖွဲ့များ၊ နီးစပ်ရာတော်လှန်ရေးတပ်များထံ အမြန်ဆုံးပူးပေါင်းကြရန်တိုက်တွန်းလိုပြီး တနင်္သာရီတိုင်းစစ်ဌာန၏ တပ်ရင်းတပ်ဖွဲ့များထံ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာပါက ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article