ရန်ကုန်မြို့ ၊ မြန်မာပလာဇာကားပါကင်တွင် တရားခံ ဖမ်းမမိသေးသော လူသတ်မှုဖြစ်ပွားခြင်းကြောင့် လုံခြုံရေးစနစ်များ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လိုက်ပြီဟုမြန်မာပလာဇာစီမံခန့်ခွဲမှုအဖွဲ့က ယနေ့ ညပိုင်း သတင်းထုတ်ပြန်လာသည်။
ယမန်နေ့ ဩဂုတ်လ ၅ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန် အသက် ၅၉ နှစ်အရွယ် ဒေါ်စမ်းစမ်းအေးကို မြန်မာပလာဇာကားပါကင်တွင် လူ ၂ ဦးက ဓားဖြင့် ၀ိုင်းထိုးခဲ့ပြီး သွေးထွက်လွန်ကာ ဆေးရုံမရောက်ခင် သေဆုံးခဲ့ကြောင်း မိသားစုက ယမန်နေ့ ညနေပိုင်း ကာယကံရှင် မိသားစုက လူမှုကွန်ရက်မှ တစ်ဆင့် သတင်းထုတ်ပြန်သည်။
မြန်မာပလာဇာ ကားပါကင်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့အပြင်၊ CID ၊ စစ်ထောက်လှမ်းရေး ၊ နယ်မြေခံ ပြည်သူ့စစ်များ အပါအဝင် အဖွဲ့အစည်းပေါင်းစုံနှင့်ဌာနပေါင်းစုံက တရားခံများ အမြန်ဆုံး ဖမ်းဆီးရရှိရေး စုံစမ်းထောက်လှမ်းနေကြောင်း၊ အခင်းဖြစ်ပွားသည့်နေရာမှာ အချက်အချာကျ မြို့ပြနေရာဖြစ်ခြင်း၊ လမ်းဆုံလမ်းခွနှင့်မီးပွိုင့်များတွင် CCTV မှတ်တမ်းများ အပြည့်အစုံ တပ်ဆင်ထားခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနှင့် မလှမ်းမကမ်းနေရာဖြစ်ခြင်း အပါအဝင် အများပြည်သူ စိတ်ဝင်စားသည့် အမှုဖြစ်ခြင်းတို့ကြောင့် စစ်တပ် ထိပ်ပိုင်း အမှုကိုအမြန်ဆုံးဖော်ထုတ်ရန် အမိန့်ပေးထားကြောင်း ရန်ကင်းမြို့နယ်မှ ရဲသတင်းရင်းမြစ်က ပြောသည်။
“လိုအပ်တဲ့ CCTV မှတ်တမ်းနဲ့ အခင်းဖြစ်ပွားမှု ဖြစ်စဉ်အသေးစိတ်တွေတော့ အဖွဲ့ပေါင်းစုံ ပူးတွဲလုပ်နေပါတယ်။ ပြည်သူတွေကြားမှာ အုတ်အော်သောင်းနင်းဖြစ်နေလို့ အထက်ကလည်း ချက်ချင်း တရားခံအမိဖမ်းခိုင်းနေတယ် “ဟု ရန်ကင်းရဲသတင်းရင်းမြစ် ကရှင်းပြသည်။
မြန်မာပလာဇာဘက်ကမူ ယမန်နေ့ညနေပိုင်း မြန်မာပလာဇာရှောပင်းမော်လ်၏ ယာဉ်ရပ်နားရန်နေရာတွင် အမျိုးသမီးတစ်ဦးကို ဓားဖြင့် ထိုးသတ်မှုဖြစ်စဉ်အပေါ် လူနာအား အရေးပေါ်ကယ်ဆယ်နိုင်ရေးအတွက် ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း လူနာမှာ ရရှိခဲ့သောဒဏ်ရာကြောင့် ကွယ်လွန်သွားခဲ့ကြောင်း၊ ဖြစ်စဉ်မှာ မျှော်လင့်မထားသော ဖြစ်ရပ်တစ်ခုဖြစ်ပြီး ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းနှင့် ပူးပေါင်းပြီး လုပ်ထုံးလုပ်နည်းများနဲ့အညီ လို အပ်သည့်ပံ့ပိုးမှုများကို ဆောင်ရွက်နေကြောင်း ယနေ့ညပိုင်း သတင်းထုတ်ပြန်သည်။
ထို့ပြင် မြန်မာပလာဇာအနေဖြင့် စျေးဝယ်သူများနှင့် ဧည့်သည်များ၏ ဘေးကင်းလုံခြုံရေးအတွက် စျေးဝယ်စင်တာအတွင်းရှိ ယာဉ်ရပ်နားရာနေရာများနှင့် အရေးကြီးနေရာများတွင် လုံခြုံရေးအပြည့်အဝချထားခြင်းနှင့် လုံခြုံရေးစနစ်များအား တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်းများကို ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်ကြောင်း ဆိုသည်။
မြန်မာပလာဇာအတွင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြသည့် လူငယ်တချို့ကို ပလာဇာလုံခြုံရေးဝန်ထမ်းတွေက ရိုက်နှက်ဖမ်းဆီးခဲ့သည့်အတွက် ပြည်သူလူထုက သပိတ်မှောက်ခဲ့သည့် စျေးဝယ်စင်တာတစ်ခုလည်းဖြစ်သည်။
ဓာတ်ပုံ- ယမန်နေ့ လူသတ်မှုကြောင့် ကွယ်လွန်ခဲ့ရသော အသက် ၅၉ နှစ်အရွယ် ဒေါ်စမ်းစမ်းအေး။
