31.5 C
Yangon

စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ ပူးပေါင်း ပါဝင်ခြင်း မပြုလုပ်ရန် မွန်တော်လှန်ရေးအင်အားစု ၁၁ ဖွဲ့က တောင်းဆို သတိပေး

Must read

ရန်ကုန်၊ ဩဂုတ် ၉

အကြမ်းဖက်စစ်ကောင်စီကျင်းပရန် ပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ကြရန် မွန်တော်လှန်ရေးအင်အားစု ၁၁ ဖွဲ့က ပူးပေါင်း၍ တောင်းဆိုလိုက်ကြောင်း ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ပီတာက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မွန်ညီညွတ်ရေးပါတီမှာ စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မွန်တစ်မျိုးသားလုံး လုံခြုံဘေးကင်းရေးအတွက် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေသည်ဟု ပြောဆိုသည့်တိုင် မွန်ဒေသအတွင်း စစ်အုပ်စုကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများကို မတားဆီးနိုင်ခဲ့သည်မှာ မွန်လူမျိုးများ နေထိုင်ရာ ဓမ္မသကျေးရွာရှိ ပြာပုံများက သက်သေထူလျက်ရှိကြောင်း ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီသည် အယောင်ပြရွေးကောက်ပွဲကို မွန်အမျိုးသားတို့၏ ကောင်းကျိုးအတွက်ဟု ဆင်ခြေပေးကာ လုပ်ဆောင်မည်ဆိုလျှင် မွန်ပြည်သူများက လက်ခံမည်မဟုတ်သည်ကို သတိချပ်စေလိုကြောင်း၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများ၊ စစ်အုပ်စု၏ အဖိနှိပ်ခံ မွန်ပြည်သူများကို ထောက်ရှုသည့်အားဖြင့် အတုအယောင်ရွေးကောက်ပွဲကို ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် တိုက်တွန်းထားသည်။

“နိုင်ငံရေးပါတီဆိုတဲ့ နေရာမှာ စစ်အုပ်စုနဲ့ အရင်ကတည်းက တပူးတွဲတွဲလုပ်တယ်၊ စစ်အုပ်စုရဲ့ လက်ဝေခံ နိုင်ငံရေးပါတီတွေလည်း ရှိတယ်။ ပြီးတော့ အခုမှ ရွေးကောက်ပွဲဝင်ဖို့ ဆိုပြီးတော့ သမိုင်းတရားခံအဖြစ်ခံ အကျိုးစီးပွားကို ရှေးရှုပြီးတော့ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ပါတီတွေလည်း ရှိတယ်။ ပထမအမျိုးအစားအတွက်က ထွေထွေထူးထူးတော့ သိပ်ပြီး ပြောနေဖို့ မရှိဘူး ။ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ ဆက်လုပ်သွားမယ့်ဟာတွေရှိတယ်။ စစ်အုပ်စုနဲ့ စစ်အုပ်စုလက်ဝေခံတွေကို ဆန့်ကျင်သွားတဲ့ တော်လှန်သွားတဲ့ ပုံစံအတိုင်းပဲ ဆက်လုပ်သွားဖို့ ရှိတယ်။ ဒုတိယအုပ်စုကတော့ ကျွန်တော်တို့ အခုအချိန်က အိတ်ဖွင့်ပေးစာပေးတယ်ဆိုတာက နောက်ပြန်လှည့်ဖို့ သတိပေးတာပါ။ တကယ်လို့ သူတို့ နောက်ပြန်မလှည့်ဘူး စစ်အုပ်စုနဲ့ ဆက်ပေါင်းနေမယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ တစ်စုတစ်ဖွဲ့ချင်း အနေနဲ့ရော မဟာမိတ်စုဖွဲ့မှုအနေနဲ့ရော လုပ် ဆောင်သွားမယ့်ကိစ္စတွေကို ဆက်ပြီးတော့ လုပ်ဆောင်သွားဖို့ပဲ ရှိပါတယ်ဗျ”ဟု ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ပီတာက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်အုပ်စုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များကို ၎င်းတို့ ကိုယ်တိုင် ချိုးဖောက်ကာ အာဏာသိမ်းယူခြင်း၊ အရေးပေါ်ကာလ သက်တမ်းတိုးခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ပြည်သူများ၏ လက်နက်ကိုင်တော်လှန်ရေး တိုးတက်လာသည့် အခြေအနေများကြောင့် အကြမ်းဖက်စစ်အုပ်စုသည် နေရာအနှံ့နယ်မြေများစွာ ဆုံးရှုံးထားရခြင်း၊ ဖိနှိပ်မှုများ အကြိမ် ကြိမ်ခံစားနေရသည့် ပြည်သူများ၏ အားပေးထောက်ခံမှု မရနိုင်ခြင်းတို့ကြောင့် အကြမ်းဖက်စစ်အုပ်စုရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲ ၊ တရားဝင်ရွေးကောက်ပွဲ ဖြစ်မည်မဟုတ်ကြောင်း မွန်တော်လှန်ရေးအဖွဲ့များက ထောက်ပြထားသည်။

ထို့ပြင် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်မဖော်သည့် စစ်အုပ်စုကို အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများကလည်း အသိအမှတ်ပြုခြင်းမရှိကြောင်း၊ အာဆီယံအနေဖြင့် ရွေးကောက်ပွဲသည် ဦးစားပေးမဟုတ်ဟု တရားဝင်ထုတ်ဖော်ပြောဆိုထားပြီး ဒီမိုကရေစီနိုင်ငံများကလည်း စစ်အုပ်စုရွေးကောက်ပွဲကို ဆန့်ကျင်ရှုတ်ချလျက်ရှိကြောင်း မွန်တော်လှန်ရေးအဖွဲ့များက ပြောသည်။

ထို့ကြောင့် စစ်အုပ်စုက အကြမ်းဖက်အဖွဲ့အစည်းဖြစ်သောကြောင့် နိုင်ငံရေးပါတီများအနေနှင့် ပြည်သူတစ်ရပ်လုံးအပေါ် ကျော ခိုင်းမည့် အပြုအမူ အကြံအစည်များ မလုပ်ဆောင်ကြရန် ၊ ပြည်သူဘက် အမြန်ဆုံးကူးပြောင်းကြရန် တိုက်တွန်းကြောင်း မွန်တော်လှန်ရေးအင်အားစုများက တောင်းဆိုထားသည်။

စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို မပူးပေါင်းရန် တောင်းဆိုသည့် မွန်တော်လှန်ရေးအဖွဲ့များတွင် Anti – Sham Election Committee – Mon State Federal Council ၊ Human Rights Foundation of Monland (HURFOM)၊ Mi Woman & Child Rights Organization (MiO)၊ Mon Basic Essential Community Health Care (MBECH)၊ Mon Women Network – Revolutionary Force၊ New Rehmonnya Federated Force (NRFF)၊ Rehmonnya Minorities Union (RMU)၊ Rehmonnya Youth Zoneziyar (RYZ)၊ Rehmonnya Labour Union (RLU)၊ လူမျိုးစုံညီ ရာမညလွတ်မြာက်ရေးဆီ အဖွဲ့များက ပူးပေါင်းတောင်းဆိုထားကြခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article