ရန်ကုန်၊ ဩဂုတ် ၉
ရန်ကုန်၊ မန္တလေးနှင့်မြစ်ကြီးနားမြို့များတွင် နေ့အချိန် စစ်မှုထမ်းခိုင်းရန်အတွက် အသက်မပြည့်သေးသော အခြေခံပညာအထက် တန်းကျောင်းသားတချို့ အပါအဝင် လူငယ်များကို ပေါ်ပေါ်တင်တင် ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဖမ်းဆီးခံရသော လူငယ်တချို့၏ မိဘများနှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက ယခုဩဂုတ်လအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၆ အတွက် စစ်မှုထမ်းမည့် လူငယ်များ ရရှိမှု နည်းပါးနေသဖြင့် မြို့ကြီးများတွင်ပါ နေ့အချိန် လူမြင်ကွင်းအတွင်းတွင်ပင် ပေါ်ပေါ်တင်တင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ယမန်နေ့ ရန်ကုန်မြို့၊ တာမွေမြို့၊ အာယုဆေးရုံရှေ့ ဘတ်စ်ကားမှတ်တိုင်တွင် ဘတ်စ်ကားစောင့်နေသော လူငယ် အလုပ်သမား အမျိုးသား ၅ ဦးကို စစ်တပ်က စစ်ကားဖြင့် ကားပေါ်ဆွဲတင်သွားခဲ့ပြီး ယင်းမြင်ကွင်းကို ပတ်ဝန်းကျင်မှ ပြည်သူများအားလုံး မြင်တွေ့လိုက်ရကြောင်း မျက်မြင်တွေ့ရှိရသော ရန်ကုန်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်လမ်းဆုံကားမှတ်တိုင်တွင် ယမန်နေ့ည ၇ နာရီဝန်းကျင်အချိန် အရပ်ဝတ်ပျူစောထီးနှင့်စစ်သားတချို့က ကားစောင့်နေသော လူငယ် အမျိုးသား ၇ ဦးကို ကားပေါ်ဆွဲတင် ဖမ်းဆီးသွားခဲ့ပြီး ယင်းသို့ ခေါ်ဆောင်ခံရသူများအနက် ရွှေပြည်သာမြို့နယ်၊ အမှတ် ၂၁ ရပ်ကွက်တွင် နေထိုင်သော အသက် ၃၀ အရွယ် ကိုကျော်ဝင်းပါ ဖမ်းဆီးခံလိုက်ရကြောင်း သိရှိရသည်။
“ပန်းရံသမားပါ ကိုကျော်ဝင်းက ။ အဖမ်းခံရတဲ့ အချိန်မှာ ဖုန်းအဆက်အသွယ်တစ်ချက်ရသေးတယ်။ နောက်တော့ ဖုန်းစက်ပိတ်သွားတယ်။ အခုတော့ မိသားစုက ဘုရင့်နောင်စစ်ကြောရေးတပ်ကို လိုက်နေတယ်။ စစ်မှုထမ်းဖို့ ခေါ်သွားတာကတော့ အတည် ပြု လို့ရတယ်” ဟု ပေါ်တာဆွဲ ဖမ်းဆီးခံရလိုက်ရသော ကိုကျော်ဝင်း၏ မိတ်ဆွေဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ မြစ်ကြီးနားမြို့၊ ပလနရဲစခန်းက မန်ခိန်အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ကြားနေသော ကိုးတန်းကျောင်းသား မောင်လာအလေးနှင့် ကျောင်းသား ၂ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ပြီး အသက်မပြည့်သေးမှန်း သိရှိသောအခါမှ မိဘများကို ငွေဖြင့် လာရွေးယူရန် အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။
“ဖမ်းတာက ပလန ရဲစခန်းက ဖမ်းတာ။ ဖမ်းသွားတာက နံနက် ၁၁ နာရီမှာ ဖမ်းတယ်။ ညနေ ၃ နာရီမှာ အိမ်ကို ငွေနဲ့ လာရွေးဖို့ အကြောင်းကြားတာ။ အသက်မပြည့်သေးတဲ့ ကိုးတန်းကျောင်းသားတွေမှန်းသိလို့ အိမ်ကို လာခေါ်ပြီး ငွေနဲ့ပြန်ရွေးခိုင်းတာ။ ကျောင်းသား ၁ ဦးကို ၁၀ သိန်းနဲ့ ပြန်ရွေးရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့အတူ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်း၊ ၈၄ လမ်း၊ ၈၅ လမ်း၊ ၈၆ လမ်းမတွင် ယခုရက်ပိုင်းအတွင်း ဆိုင်ကယ်စီး လာသော လူငယ်တချို့ကို လိုင်စင်စစ်ဆေးသည်ဟုဆိုကာ စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများဖြစ်ပွားကြောင်း၊ လူငယ် ၂၀ နီးပါး အဖမ်းခံခဲ့ရပြီး မန္တလေး နန်းတွင်းသို့ ခေါ်ဆောင်ခံခဲ့ရကြောင်း ဖမ်းဆီးခံရသော လူငယ်တစ်ဦး၏ ဖခင်ဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“ဆိုင်ကယ် လိုင်စင် မပါသွားလို့ သားအဖမ်းခံရတယ်ဆိုပြီး ဖုန်းဆက်တယ်။ သွားရွေးထုတ်ဖို့ လိုက်သွားတော့ နန်းတွင်း စုဆောင်းရေးတပ်ပို့လိုက်ပြီ ပြောတယ်။ ဒီလ ၁၅ ရက်နေ့ စစ်မှုထမ်းအပတ်စဉ် ၁၆ အတွက် စစ်မှုထမ်းဖို့ စာရင်းဝင်တယ်ပြောတယ်။ ငွေနဲ့ ထုတ်ဖို့ လိုက်တာ သူတို့က လက်မခံဘူး။ ငွေပေးလို့လည်း ပြန်မလွှတ်နိုင်ဘူး။ ငွေကုန်မခံနဲ့လို့ စုဆောင်းရေးတပ်က တပ်ကြပ်ကြီးက ပြောတယ်။ ဘယ်သင်တန်းကျောင်းကို သားကို ပို့မလဲဆိုတာလည်း ဖုန်းဆက် ထပ်ပြန်ပြောပေးမယ်ပြောတယ်” ဟု ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်၏ ဖခင်က ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ စစ်မှုထမ်းသင်တန်းများကို လစဉ်ဖွင့်လှစ်ခဲ့ရာ ယခုအခါ စစ်မှုထမ်း အပတ်စဉ် ၁၆ သို့ ရောက်ရှိလာပြီဖြစ်သည်။
ဓာတ်ပုံ-ရန်ကုန်တွင် နေ့အချိန် လုံခြုံရေးယူနေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
