30.5 C
Yangon

ကျိုက်ထို၊ ပိနွဲကုန်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု အဘိုးအို ၁ ဦး သေဆုံး၊ ကျောက်ဖြူမြို့နယ်ကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

Must read

ရန်ကုန်၊ ဩဂုတ် ၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပိနွဲကုန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အဖိုးအို ၁ ဦး သေဆုံးပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၉ ရက်နေ့ နံနက် ၉ နာရီ ၂၃ မိနစ်ခန့်တွင် ပိနွဲကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၆၂ နှစ်အရွယ် အဖိုးအို ၁ ဦး သေဆုံးကာ ပြည်သူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။

” ဒီနေ့ နံနက် ၉ နာရီကျော်မှာ စစ်တပ်က လေယဥ်နဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်သွားတာ ပိနွဲကုန်းရွာက အသက် ၆၂ အရွယ် အဖိုးအို ၁ ဦး သေဆုံးတယ်။ ရွာသား ၃ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်။ နေအိမ် ၃ လုံး ပျက်စီးသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဇူလိုင်လပိုင်းကလည်း ကျိုက်ထိုမြို့နယ်ရှိ ဆောင်နိုင်ကြီးရွာဟောင်းနှင့် အလူးလေးအရှေ့ရွာလေးရွာကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၁၅ နှစ်အရွယ် နော်ခင်နန်းမွေး သေဆုံးခဲ့ပြီး နေအိမ် ၅ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ ဩဂုတ် ၈ ရက်နေ့ ည ၁၁ နာရီ ၁၃ မိနစ်အချိန် နှင့် ည ၁၁ နာရီ ၁၆ မိနစ်အချိန် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာ အထက်တန်းကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းဖော်ပြသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းပြားမြို့နယ်၊ မင်းပြင်ကျေးရွာ စာသင်ကျောင်းတစ်ခုလုံးပျက်စီးပြီး ဘုန်းကြီးကျောင်း ဓမ္မာရုံလည်း ပြိုကျပျက်စီးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article