ရှမ်းပြည်နယ်၊ သီပေါမြို့အနီးရှိ ဆောက်လုပ်ရေး အရာရှိ ရိပ်သာဝင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၉ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က သီပေါမြို့အနီးရှိ ဆောက်လုပ်ရေး အရာရှိ ရိပ်သာဝင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း ကနဦး သိရပြီး အဆောက်အဦးများ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။
“ဒီနေ့ ညနေပိုင်းမှာ သီပေါမြို့အနီးက ဆောက်လုပ်ရေး အရာရှိ ရိပ်သာဝင်းထဲကို ဗုံးကျဲ တိုက်ခိုက်သွားတာ လူထိခိုက်မှုမရှိဘူးလို့တော့သိရတယ်။ အဆောက်အဦးလေ ပျက်စီးတာရှိပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
အလားတူ ဇူလိုင်လ ၂၀ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်ခန့်ကလည်း သီပေါမြို့အခြေစိုက် ယခင် စစ်ကောင်စီတပ်စခန်းဟောင်း ခလရ ၂၃ တပ်ရင်းစခန်းကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၁ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
