ထိုင်းနိုင်ငံအတွင်း လစ်လပ်သွားသည့် အလုပ်သမားများ နေရာတွင် ပြန်လည်ဖြည့်တင်းနိုင်ရန် အတွက် အရေးပေါ် အလုပ်သမားသစ်များလိုအပ်နေ၍ လူသစ်ဘတ် ဖွင့်ရန် နီးစပ်နေပြီဖြစ်ကြောင်း ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကူညီပေးနေသူ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထိုင်းနှင့် ကမ္ဘောဒီးယား ပဋိပက္ခဖြစ်ပွားမှုကြောင့် ကမ္ဘောဒီးယားအလုပ်သမား အများအပြား နေရပ်ပြန်မှုဖြစ်ပွားခဲ့ပြီး လတ်တလောတွင် အလုပ်သမား ၄၂၀၀၀ ခန့် အရေးပေါ် လိုအပ်မှု ရှိနေသည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက တရားဝင်စာတင်ထားကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်နေသူများထံမှ သိရှိရသည်။
“ထိုင်းမှာ တရားမဝင်မြန်မာအလုပ်သမားတွ အများကြီးရှိတယ်။ ခုလုပ်သားလိုအပ်ချက်ရှိတော့ ဒီတိုင်း အလုပ်ခန့်လို့မရဘူး တရားဝင်ဖို့လိုတယ်။ ခု ၄၂၀၀၀ အရေးပေါ်လိုတယ်လို့ ပြောပေမယ့် စာရင်းမတင်ထားတဲ့ အရေးပေါ် လိုနေတာတွေနဲ့ဆို သိန်းချီမှာ။ သိပ်မကြာခင် လူသစ်ဘတ်ဖွင့်လာဖို့ နီးစပ်နေပါပြီ” ဟုအေအေစီ ကိုရဲမင်းက ပြောကြားသည်။
လူသစ်ဘတ်ခါ်လာချိန်တွင်လည်း အလုပ်သမားများ အနေနှင့် ယုံကြည်စိတ်ချရသည့် ပွဲစားများနှင့် လုပ်ဆောင်ရန် အရေးကြီးကြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်နေသူများက သတိပေးထားသည်။
“အဓိကကတော့ အယုံမလွယ်ဖို့နဲ့ ငွေလိမ်မခံရဖို့ သတိထားဖို့ ပြောချင်ပါတယ်။ အဆမတန်တောင်းနေတာတွေကိုလည်း မပေးဖို့ပေါ့။ အွန်လိုင်းကနေ အလွယ်တကူဆက်သွယ်ပြီး ငွေပေးချေလိုက်တာမျိုးတွေ မလုပ်မိဖို့ ပြောချင်ပါတယ်” ဟု အေအေစီ ကိုရဲမင်းက ဆက်လက်ပြောဆိုသည်။
