ရန်ကုန်၊ ဩဂုတ် ၁၀
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာမှ ပြည်သူ ၂၀ ဦးကို စစ်တပ်က သတ်ဖြတ်မှုတွင် ခလရ ၄၈ မှ တပ် ရင်းမှူး မြင့်ဇော်က ဦးဆောင် ကျူးလွန်ခဲ့ကြောင်း စစ်သုံ့ပန်း တပ်သား လွင်ဦးက ဝန်ခံပြောဆိုလိုက်သည်။
၂၀၂၃ ခုနှစ် မေလ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန် အကြမ်းဖက် စစ်တပ်က ညောင်ပင်သာရွာသို့ ဝင်ရောက်၍ ကျေးရွာနေ ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး ကြိုးနှင့်ချီကာ အစု ၂ စုခွဲပြီး ကလေး ၄ ဦး၊ အမျိုးသမီး ၁၁ ဦး အပါအဝင် ပြည်သူ ၁၉ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် ရွာသားတစ်ဦးကိုလည်း ရွာ၏ သင်္ချိုင်းဝင်းအတွင်း အကြမ်း ဖက် စစ်တပ်က စအိုတွင်း တုတ်ထိုးသွင်းပြီး ရက်စက်စွာ ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခဲ့သည်။
အဆိုပါ သတ်ဖြတ်မှုကို ခလရ ၄၈ မှ တပ်ရင်းမှူး မြင့်ဇော်က ဦးဆောင် ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး တပ်ကြပ်ကြီး၊ ဒုတပ်ကြပ်များ၊ တပ်ကြပ်၊ စီကျူး၊ ဗိုလ်လေး ၊ ဆေးတပ်သား တပ်ကြပ်နှင့် ရဲဘော်များပါဝင်ကြောင်း သိရှိရသည်။
“ပထမဦးဆုံး အဲညဖြစ်တာက ကျောင်းသူကျောင်းသားတွေ ၁၀ တန်းစာမေးပွဲဖြေဖို့အတွက် ဆရာမတွေက ကျွန်တော်တို့ ၄၈ (ခလရ) အဖွဲ့နဲ့ ၄၃၉ (ခမရ) အဖွဲ့ကို အကူအညီတောင်းတယ် ကျောင်းသား လုံခြုံရေးဆိုပြီးတော့။ ဒီနေ့လောက်က ၄၈ ဖွဲ့ကသွားတယ် ကျွန်တော်တို့က မနက်ဖြန်လောက်မှ လိုက်မှာ။ ၄၈ ဖွဲ့သွားတဲ့အချိန်မှာ စစ်ပွဲတွေ ဖြစ်ကြတယ်လို့ ပြောတယ်။ မီးရှို့တယ် KNU က ရှို့သွားတယ်လို့ သူတို့က ပြောတယ်။ KNU က ရွာကို မီးရှို့နေတဲ့အချိန် ၄၈ ဖွဲ့က ဝင်လုံးတယ် မနိုင်ဘူး ၊ လုံးလုံးမကျဘူး ၄၃၉ ကို အမြန်ရောက်ဖို့အတွက် ဆင့်ခေါ်တယ်။ ကျွန်တော်တို့က ညကြီးသွားတယ် သွားတဲ့အချိန်မှာ ၄၈ ဖွဲ့က မရှိကြတော့ဘူး ဆုတ်ကုန်ပြီ။ ညချင်းသွားတဲ့အချိန်မှာ ရွာသားတွေက တော်တော်များများ မရှိကြတော့ဘူး။ တစ်ယောက်စ နှစ်ယောက်စလောက်ပဲ ကျန်တော့တယ်။ ကျွန်တော်တို့က ရွာထဲ ဝင်တဲ့အချိန်မှာ တိုက်ပွဲ စဖြစ်တယ်။ ဖြစ်တယ်ဆိုတာ ကြီးကြီးမားမား မဟုတ်ဘူး။ လာပစ်ပြီး ပြန်ပြေးသွားတယ် အဲဒီလောက်ပဲ ရှိတယ်။ ခဏနေ ၇ နာရီလောက်မှာ တုတ်က တက်လာတယ်။ တုတ်ထိသွားတော့ကျွန်တော် လိုင်းခန်းထဲ ဝင်နေလိုက်တယ်။ ဒုတပ်ရင်းမှူး ဘလေး သန်းနိုင်နဲ့ အတူ ။ တစ်နေကုန်လည်း ဘာမှ မထူးခြားဘူး အဲဒီလိုပဲ နေတယ်။ ညနေပိုင်း ၄ နာရီလောက်မှာ ရွာမြောက်ဘက်က စနိုက်ဘာနဲ့ ပစ်တယ်။ လာပစ်တော့ အဘ သန်းနိုင်က ဟေ့ရောင် ဆီပုံးတွေ ယူ ၊ ဒီဟာနဲ့ ထု အဲဒီအိမ်ကို မီးရှို့ပစ်တဲ့ အဲဒီတုန်းက ပြည်သူတွေ မပါသွားဘူး ။ ဒီ ၄၈ ဖွဲ့ ရှို့တဲ့အထဲမှာ ပြည်သူတွေ ပါသွားတယ်။ ၄၈ ဖွဲ့ မီးရှို့တဲ့အထဲ ပြည်သူတွေ ပါလား မပါလား ကိုယ်တိုင် မမြင်ရပေမယ့် အခုလက်ရှိ ဓာတ်ပုံထဲမှာ တွေ့ရတာက ပြည်သူတွေ ပါနေတယ်” ဟု ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ကို စစ်သုံ့ပန်း တပ်သား လွင်ဦးက ပြောဆိုသည်။
ပြည်သူများကို သတ်ဖြတ်ပြီးနောက် တပ်သားများက ပြည်သူများကို သတ်ဖြတ်ခြင်းမှာ သတင်းပေးခြင်းကြောင့် ဖြစ်သည်ဟု ပြောဆိုသံကို ကြားခဲ့ရကြောင်း စစ်သုံ့ပန်း တပ်သား လွင်ဦးက ပြောဆိုသည်။
” သေမှာပေါ့ သတင်းပေးတာကို ၊ မေးတာ ဖြေမှ မဖြေတာ အဲဒီလို ပြောတဲ့ဟာ ရှိတယ်။ ပြည်သူတွေကို တစ်ခါမှာ နိုင့်ထက်စီးနင်းမလုပ်ဖူးတော့ ကိုယ့်ရင်ထဲမှာ မကောင်းဘူးပေါ့။ မလုပ်သင့်ဘူးလို့ ကျွန်တော် ပြောချင်တယ်” ဟု စစ်သုံ့ပန်း တပ်သား လွင်ဦးက ဆိုသည်။
ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင် စစ်တပ် သတ်ဖြတ်ခဲ့သည့် ပြည်သူ ၂၀ ဦးမှာ
၁၊ အသက် ၈၀ အရွယ် ဦးဝင်းအောင်
၂၊ အသက် ၇၅ အရွယ် ဒေါ်လှ
၃၊ အသက် ၅၅ အရွယ် မခင်အုန်း
၄၊ အသက် ၂၈ အရွယ် မသန်းသန်းဝေ
၅၊ အသက် ၅ အရွယ် မောင်စစ်ပိုင်ဟိန်း
၆၊ အသက် ၅၃ နှစ်အရွယ် ကိုတိုးတိုး
၇၊ အသက် ၅၃ နှစ်အရွယ် မတင်အုန်း
၈၊ အသက် ၁၈ နှစ်အရွယ် မဂျူးဂျူး
၉၊ အသက် ၅၈ နှစ်အရွယ် မချစ်တီး
၁၀၊ အသက် ၅၃ နှစ်အရွယ် မတင်ဆန်း
၁၁၊ အသက် ၆၈ နှစ်အရွယ် ဒေါ်ခင်ရီ
၁၂၊ အသက် ၃၅ နှစ်အရွယ် ဒေါ်သန်းသန်းရွှေ
၁၃၊ အသက် ၆ နှစ်အရွယ် မသက်နှင်းစံ
၁၄၊ အသက် ၅၅ နှစ်အရွယ် ဦးကျော်တင်သိန်း
၁၅၊ အသက် ၇၀ နှစ်အရွယ် ဦးဝင်းမြိုင်
၁၆၊ အသက် ၄၀ နှစ်အရွယ် ကိုဇော်မိုးအောင်
၁၇၊ အသက် ၄၀ နှစ်အရွယ် မသူဇာ
၁၈၊ အသက် ၁၅ နှစ်အရွယ် မောင်မိုးဝေယံ
၁၉၊ အသက် ၇ နှစ်အရွယ် မောင်မိုးဝဿန် အသက် ၇ နှင့်
၂၀၊ အသက် ၃၇ နှစ်အရွယ် ကိုဟန်စိုး တို့ဖြစ်ကြောင်း သိရသည်။


