27.5 C
Yangon

ရေစကြိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေယာဉ်၊ စက်တပ်လေထီး၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၀

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ စက်တပ်လေထီး၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း Yesagyo Township Info Committee မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၉ ရက်နေ့ နံနက် ပိုင်းမှ စတင်၍ ရေစကြိုမြို့နယ်ရှိ တောင်ဦးရွာနှင့် ကြက်ဆူကျင်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ စက်တပ်လေထီး၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်မှု အတွင်း အသက် ၁၀ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကာ နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“မနေ့က နံနက်ပိုင်းမှာ စစ်ခွေးတွေက လေကြောင်းနဲ့ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ပြီး ဖူလုံတပ်ကနေ ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ ၂ ကြိမ် ပစ်ခတ်တယ်။ မွန်းလွဲပိုင်းမှာလည်း ပခုက္ကူတပ်မ ၁၀၁ က တက်လာတဲ့ စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကျဲ တိုက်ခိုက်တယ်။ ကျနော်တို့ သိရတာတော့ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး နဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အားလုံးပေါင်း ၇ ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများတယ်။ နေအိမ်တွေ မီးလောင်ပျက်စီးတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ စုံစမ်းနေပါတယ်” ဟု Yesagyo Township Info Committee မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဩဂုတ်လ ၄ ရက်နေ့ကလည်း ရေစကြိုမြို့ စည်ပင်ပန်းခြံတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျည်စ ထိမှန်ကာ ဖြုံဘူးကျေးရွာမှ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article