30.7 C
Yangon

တောင်ငူတစ်မြို့နယ်လုံးတွင် စစ်မှုထမ်းအပတ်စဉ် ၁၆ အတွက် လူငယ် ၆၀၀ ကျော်ပေါ်တာဆွဲ ဖမ်းဆီးခံရ ၊ ဟင်္သာတတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ် ၁ ဦးလျှင် စစ်မှုထမ်းကြေး လစဉ် ၁ သိန်းခွဲအထိ တိုးမြှင့်ကောက်ခံ

Must read

ရန်ကုန်၊ ဩဂုတ် ၁၂

ပဲခူတိုင်း၊ တောင်ငူတစ်မြို့နယ်လုံးတွင် ယခုလအတွင်း မကြာမီ ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၆ အတွက် လူငယ် ၆၀၀ ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း တောင်ငူမြို့နယ်အခြေစိုက် ဒေသသတင်းရင်းမြစ်များနှင့် ဖမ်းဆီးခံရသော လူငယ်တချို့၏ မိဘဆွေမျိုးများထံမှ သိရှိရသည်။

တောင်ငူမြို့နယ်တွင် ဩဂုတ်လ ၁ ရက်နေ့မှစတင်ပြီး စစ်တပ်နှင့်ပျူစောထီးများက ပုံစံအမျိုးမျိုးဖြင့် လူငယ်များကို ဖမ်းဆီး ပေါ်တာဆွဲခဲ့ရာတွင် လူငယ် နေ့စဉ် ၅၀ ဦးအထက် ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရကြောင်း၊ တောင်ငူမြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင်လည်းကောင်း၊ တောင်ငူမြို့ပေါ် တွင် ညအချိန် ဧည့်စာရင်း စစ်ခြင်းဖြင့် လည်းကောင်း၊ ခရီးသွားလူငယ်များ၏ မိုဘိုင်းလ်ဖုန်းများတွင် VPN တပ်ဆင်ထားသည်ဟုဆိုကာ ဖမ်းဆီးခြင်းများကိုလည်းကောင်း စစ်တပ်နှင့်ပျူစောထီးများက လုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။

“စစ်ဆေးရေးဂိတ်တွေမှာ နေ့စဉ် ဖမ်းတာ လူငယ် ဆယ်ဂဏန်းအထက်ပဲ။ ခပေါင်းဂိတ်၊ စစ်တောင်းတံတားဂိတ်နှင့် ၄ မိုင် စစ်ဆေးရေးဂိတ်တွေနဲ့ မြို့အဝင်အထွက် ဂိတ်တွေအားလုံးမှာ ဖမ်းတာ ။ ဖမ်းတာက အကြောင်းမျိုးစုံပြ ဖမ်းတာပဲ။ နေ့စဉ် ဖမ်းတာက လူငယ် ၁၀ ဂဏန်းအထက်ပဲ။ ဖမ်းထားတဲ့ လူငယ်တွေအားလုံးကို တောင်ငူမြို့ အမှတ် ၅ ကျောင်းထဲမှာ ထည့်ထားတယ်။ စုစုပေါင်း လူငယ် ၆၀၀ ကျော်လောက်ရှိတယ်” ဟု တောင်ငူမြို့ အခြေစိုက် ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

တောင်ငူမြို့နယ်၊ ကျောက်တိုင်ကျေးရွာအုပ်စုတွင် နေထိုင်သော အသက် ၃၄ နှစ်အရွယ် စောကျော်ထူးမှာ တောင်ငူမြို့ပေါ်သို့ ဆေးဝါးသွားရောက် ဝယ်ယူစဉ် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရကြောင်း၊ လာရောက်ဝယ်ယူသည့် ဆေးဝါးများမှာ ဆီးချိုဆေးနှင့် အစာအိမ်ရောဂါသက်သာဆေးများဖြစ်ပြီး ၅ လစာ ဝယ်ယူ၍ စစ်တပ်က ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း၊ ယင်းနောက် စစ်မှုထမ်းရမည်ဟုဆိုကာ စစ်သားစုဆောင်းရေးတပ်သို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

“သူ့မိဘအတွက် မြို့ပေါ် ဆေးတက်ဝယ်တာ။ အဲဒါ ဆီးချိုဆေးနဲ့ အစာအိမ်ဆေး ၅ လစာလောက် ဝယ်တော့ ဘာအတွက်လဲ။ PDF အတွက်ဝယ်တာလားဆိုပြီး ဖမ်းတယ်။ ဖုန်းတွေလည်း သိမ်းသွားတယ်။ နောက်တော့ ငွေနဲ့ ရွေးခိုင်းတယ်။ မရွေးနိုင်တော့ အခု စစ်သားစုဆောင်းရေးတပ်ကို ပါသွားပြီ” ဟု ဖမ်းဆီးခံရသူ စောကျော်ထူး၏ မိတ်ဆွေဖြစ်သူက ဆိုသည်။

အလားတူ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်၊ စခမ်းကြီးကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူး အုန်းသန်း၊ အဖွဲ့ဝင် ကျော်ဝင်းရှိန်၊ စိုးသူဦးတို့က စစ်မှုထမ်းရန် အကျုံးဝင်သော လူငယ်ရှိသော အိမ်ထောင်စုတိုင်း တစ်လလျှင် ငွေကျပ် ၁ သိန်းခွဲအထိ စစ်မှု ထမ်းကြေးကို တိုးမြှင့်ကောက်ခံလာကြောင်း၊ ငွေမပေးလျှင် စစ်ထဲသို့ သွားရမည်ဟု ပြည်သူများကို ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

“စစ်တပ်က ၁ လကို လူ ၂ ဦး တောင်းတယ်။ လူတောင်းတာကို အကြောင်းပြပြီး စစ်မှုထမ်းကြေးတွေကို တိုးကောက်လာတာ။ အရင်က တစ်အိမ်ထောင်ကို တစ်လ ၃ သောင်း။ အခုတော့ တစ်အိမ်ထောင်ကို ၁ လ ၁ သိန်းခွဲလောက်တောင်းနေပြီ။ ပြီးရင် စစ်တပ်ကို ခေါ်ပြီး ရွာထဲမှာ လူဝင်ဆွဲတာ။ အတော်ကို ဒုက္ခပေးနေတယ်။ လူတွေမှာ အလုပ်မရှိတဲ့ကြားက ၁ လ ၁ သိန်းကို ဘယ်ပေးနိုင်မလဲ။ ပြည်သူတွေတော့ အရမ်းဒုက္ခရောက်နေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လာမည့် ဩဂုတ်လ ၁၅ ရက်နေ့တွင် စစ်မှု ထမ်းအပတ်စဉ် ၁၆ အတွက် လူငယ်များကို စစ်မှုထမ်းသင်တန်းကျောင်းများသို့ အရောက်ပို့ပေးရန် မြို့နယ် စစ်မှုထမ်းဟောင်း ဆင့်ခေါ်ရေးအဖွဲ့များကို ညွှန်ကြားထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် လမ်းသွားလမ်းလာ လူငယ် ၁ ဦးကို စစ်ဆေးနေသည့် အကြမ်းဖက်စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article