28.2 C
Yangon

မတ္တရာ၊ ဝက်လက်နှင့် တောင်သာ မြို့နယ်တို့တွင် ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ်သဖြင့် ပြည်သူထောင်ချီ တိမ်းရှောင်ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၂

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်သာမြို့နယ် နှင့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်များ၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေ၍ ပြည်သူထောင်ချီ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများနှင့် Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်အချိန်မှ စတင်ပြီး မတ္တရာမြို့ အရှေ့ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ Y-12 လေယာဉ်ဖြင့် ၁၄ ကြိမ်ထက်မနည်း ဗုံးကျဲ ချခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ကျေးရွာနေ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

အလားတူ မတ္တရာမြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ဝက်လက်မြို့နယ် အစပ် မင်းဝံတောင်ရိုးတစ်လျောက်ကို အဆက်မပြတ် ပစ်ခတ်နေသောကြောင့် ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“Y-12 နဲ့ အဆက်မပြတ်ဗုံးကျဲ နေတာ ပြည်သူတွေလည်း ဘေးလွတ်ရာကိုရှောင်နေရတယ်။ နောက်ပြီး မတ္တရာမြို့ပေါ်က စစ်ခွေးတွေကလည်း ဝက်လက်မြို့နယ် ရှိမ်းမကားရွာအနောက်ဘက်က မင်းဝံတောင်ရိုးတလျောက်ကိုလည်း စစ်ခွေးတွေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ကိုပစ်ခတ် တိုက်ခိုက်နေတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် တောင်သာနှင့် မလှိုင်မြို့နယ် အစပ်ကိုလည်း အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာ လေတပ်မှ တက်လာသော စက်တပ်လေထီးများဖြင့် ၄ ကြိမ်ခန့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၂ နာရီ ခန့်အချိန်မှ စတင်ပြီး တောင်သာနှင့် မလှိုင်မြို့နယ်ရှိ ကျေးရွာကို ဗုံး ၁၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများနေ့စဉ်ပြုလုပ်နေ၍ ပြည်သူများသည် ကျေးရွာများ အတွင်း နေထိုင်ရဲခြင်းမရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ ပစ်ခတ် စစ်ကြောင်းထိုးမှုကြောင့် ညပိုင်း ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article