ရန်ကုန်၊ ဩဂုတ် ၁၂
ဧရာဝတီတိုင်း အတွင်းဖြစ်ပွားနေသော တိုက်ပွဲများသို့ ပို့ဆောင်ခံရသော စစ်မှုထမ်း တပ်သားသစ်များ ထွက်ပြေးမှု များပြားနေ၍ စစ်တပ်က မိသားစုဝင်များကို တိတ်တဆိတ် ပြန်ခေါ်ခိုင်းကာ တပ်ရင်းသို့ ပြန်မလာပါက မိသားစုပါ သတ်ဖြတ်မည်ဟု ခြိမ်းခြောက်နေကြောင်း တပ်တွင်း သတင်ရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်ရှိ ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ထားသော စစ်မှုထမ်း တပ်သားသစ်များသည် တပ်ချိန်းသည့်အခါ နောက်တန်းကို ပြန်လာခြင်းမရှိဘဲ ထွက်ပြေးသူ များပြားနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် တပ်ရင်းမှူးများက သေစာရင်းနှင့် လူစာရင်း မပြနိုင်ဘဲအများစုသည် ပျောက်ဆုံးနေခြင်းကြောင့် စစ်တိုင်းမှူးက ကြိမ်းမောင်းပြီး ဖိအားပေးကာ စာရင်းပြခိုင်းနေခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်း တပ်သားသစ် အချိန်းအပြောင်းကို ခလရ ၂၇၁ တပ်ရင်းတွင်ပြုလုပ်ကြောင်း သိရသည်။
ထိုသို့ ဖိအားပေး ခိုင်းစေခြင်းများကြောင့် တပ်ရင်းမှူးများက ထွက်ပြေးသွားသော စစ်မှုထမ်း တပ်သားသစ်များ၏ မိသားစုများကို တိတ်တဆိတ် ဆက်သွယ်ကာ ပြန်ခေါ်ပေးရန် နှင့် ခေါ်ဆောင်နိုင်ခြင်းမရှိပါက မိသားစုပါ သတ်ဖြတ်မည်ဟု ခြိမ်းခြောက်နေကြောင်း သိရှိရသည်။
“တပ်ရင်းမှူးတွေက စာရင်းရှိပြီးတော့ လူမရှိတော့ ပျောက်ဆုံးတွေကြီးပဲ ထည့်ထားတော့ အထက်က တောင်းတော့ မပေးနိုင်ဘူးဖြစ်နေတာ သူတို့ကို စစ်တိုင်းမှူးက ဖိအားပေး စာရင်းပြခိုင်းနေတော့ ဘာမှမဆိုင်တဲ့ ထွက်ပြေးတဲ့ စစ်မှုထမ်း တပ်သားသစ် မိသားစုဝင်တွေကို သတ်ဖြတ်မယ် ခြိမ်းခြောက်ပြီး ပြန်ခေါ်ခိုင်းနေတာ” ဟု တပ်တွင်း သတင်ရင်းမြစ်က ပြောဆိုသည်။
ဧရာဝတီတိုင်းတွင် စစ်တပ်က နယ်မြေအများစု စွန့်လွှတ်နေရသည့်အတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် ကစထမှူး ၁ ဦး ထိုင်ကာ တိုင်းမှူး ၂ ဦး ၊ ဒုတိုင်းမှူး ၁ ဦး၊ ဗျူဟာမှူး ၃ ဦး နှင့် အခြားတိုင်း စစ်ဌာနချုပ်မှ တပ်ကူအင်အား ၊ တပ်မ-၁၁ ၊ တပ်မ-၆၆ ၊ တပ်မ ၇၇ ၊ တပ်မ-၁၀၁ တို့ဖြင့် နယ်မြေများ ပြန်လည်းရရှိရန် ဖိအားပေး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
