စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ပြည်ပသို့ သွားရောက် အလုပ်လုပ်ရန် မြို့ပေါ်တက်လာသည့် လူငယ် ၃ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီး ပြည်သူ့စစ် အဖွဲ့ထဲသို့ ပို့ဆောင်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဩဂုတ်လ ၈ ရက်နေ့တွင် ကလေးမြို့တောင်ပိုင်း ရေရှင်ကျေးရွာမှ ပြည်ပသို့ သွားရောက် အလုပ်လုပ်ရန် ကလေးမြို့ပေါ်သို့ တက်လာသော ပြည်သူ ၁၀ ဦး စစ်တပ်က ဖမ်းဆီးခဲ့ပြီး လူငယ် ၃ ဦးကို ပြည်သူ့စစ် အဖွဲ့ထဲသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
ပြည်သူ့ စစ်တပ် တပ်ဖွဲ့သို့ ပို့ဆောင်ခံရသော လူငယ် ၃ ဦးမှာ မောင်ရန်ကျော်မင်း၊ မောင်လင်းကျော်နှင့် မောင်ပြည့်ဖြိုးအောင် တို့ ဖြစ်ပြီး အသက် ၂၀ ဝန်းကျင်သာရှိသော လူငယ်များ ဖြစ်ကြောင်း သိရှိရသည်။
“နိုင်ငံခြားသွားဖို့ ရေရှင် ကျေးရွာက အမျိုးသမီး ၅ ယောက်နဲ့ အမျိုးသား ၃ ယောက်က ကလေးမြို့ပေါ်တက်လာတာ အဲဒါ စစ်ခွေးတွေ ဖမ်းဆီးတာ လူငယ် ၃ ဦးကို ပြည်သူ့စစ် အဖွဲ့ကို ပို့လိုက်ပြီလို့ သိရတယ်။ ကျန်တဲ့ သူတွေကတော့ ပြန်လွတ်လာတယ်တဲ့ အခုနောက်ပိုင်း စစ်ခွေးတွေက ကလေးမြို့ပေါ်မှာ သူတို့ မသင်္ကာဘူးထင်တဲ့ သူကို လိုက်ပြီး ပေါ်တာဆွဲနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ တခြားမြို့နယ်များတွင်လည်း အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း တပ်သားသစ် လိုအပ်နေ၍ လူငယ်များကို ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး လူငယ်များ ပြည်ပ ထွက်ခွာခွင့်ကိုလည်း ကန့်သတ် ပိတ်ဆို့မှုများ လုပ်ဆောင်လျက်ရှိသည်။
ဓာတ်ပုံ – အကြမ်းဖက် စစ်သားများ ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော မောင်ပြည့်ဖြိုးအာင်
