တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ် အတွင်းရှိ မလွှဲတောင်နှင့် ကော့လှိုင်ကျေးရွာ အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ရေး- ထားဝယ်လမ်းမကြီး မလွှဲတောင် ကလိန်အောင်လမ်းပိုင်းတွင် ကားလမ်းပိတ်နေကြောင်း ခရီးသွားပြည်သူများက ပြောသည်။
ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်က စတင်တိုက်ပွဲနေခြင်းဖြစ်ပြီး ခရီးသည်တင်ကားများနှင့် အိမ်စီး ကားများ အန္တရာယ်ကင်းစေရန်အတွက် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများမှ ဆက်လက်သွား ခွင့်မပြုဘဲ တားထားကြောင်း ခရီးသွား ပြည်သူ တချို့က ပြောဆိုသည်။
ယင်းအခြေအနေနှင့်ပတ်သက်၍ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုမှ စစ်သတင်းရင်းမြစ်ကို မေးမြန်ရာတွင် တိုက်ပွဲဖြစ်နေသည်မှာမှန်ကန်ကြောင်း၊ မလွှဲတောင်နှင့် ကော့လှိုင်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွား နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ တိုက်ပွဲဖြစ်ပွားရခြင်းမှာ ပြီးခဲ့သည့် ဩဂုတ် ၁၃ ရက်နေ့က အကြမ်းဖက်စစ်တပ်နှင့် မဟာမိတ်တပ် ပေါင်းစုတို့ ထိတွေတိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၁၄ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားကာ အထိနာသွားတာကြောင့် တကျော့ပြန် စစ်ကြောင်း ထိုး တိုက်ခိုက်လာခြင်းဖြစ်ကြောင်း စစ်သတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။
ယခုတစ်ကြိမ်စစ်ကြောင်းထိုးလာရာမှာလည်း အကြမ်းဖက်စစ်တပ်က ၁၅၀ ထက်မနည်းသည့် အင်အားဖြင့် စစ်ကြောင်းထိုးလာတာဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲ ပြင်းထန်စွားဖြစ်နေကြောင်း သိရသည်။

