ရန်ကုန်၊ ဩဂုတ် ၁၅
စစ်ကိုင်းတိုင်း၊ မန္တလေး-ရွှေဘို လမ်းပိုင်းမှ ဆားတောင် သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ၂ လနီးပါးကြာ ပိတ်ဆို့ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများပြား၍ ကျေးရွာ ၈ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လပိုင်းမှ စတင်ပြီး မန္တလေး-ရွှေဘို လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်၏ အုန်းတော ၆၀၀၅ တင့်ကားတပ်မှ သံချပ်ကာကားများ အပါအဝင် အင်အား ၄၀၀ ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက လမ်းပိုင်း တစ်လျောက် ၂ လတာ ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး အလင်း၀င်ရောက်လာသူများနှင့် အရှင် ဖမ်းမိသူများလည်းရှိကြောင်း သိရှိရသည်။
တိုက်ပွဲများ အတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သစ်ချိုကုန်းရွာ ၊ ကျော်ဇေယျာရွာ ၊ ပုဂံတူရွာ ၊ ယင်းမာကျင်းရွာ ၊ ချိုင်းကြီးရွာ ၊ လင်းတလူးရွာ ၊ ထန်းဖူးတောရွာနှင့် ကျားမင်းကြီးရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ရာနှင့်ချီ မီးလောင် ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် စစ်တပ် စစ်ကြောင်းကြောင့် မန္တလေး-ရွှေဘို လမ်းပိုင်းရှိ ကျေးရွာ ၂၀ ကျော်မှ ထောင်နှင့်ချီသော ပြည်သူများသည်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
“အဲဒီ စစ်ခွေးစစ်ကြောင်းက အုန်းတော ၆၀၀၅ တင့်ကား တပ်ရင်းကနေ ထွက်လာတာ ဇွန်လတည်းကစပြီး မန္တလေး-ရွှေဘို လမ်းပိုင်းကို စစ်ကြောင်းထိုးနေတာ စစ်ခွေးတွေက ကျေးရွာ ၈ ရွာကိုလည်းမီးရှို့ဖျက်ဆီးသွားတယ်။ စစ်ခွေး စစ်ကြောင်းကတော့ ဆားတောင်ကို ရောက်သွားပြီ တိုက်ပွဲတွေ ထပ်ဖြစ်လာမှာကြောက်လို့ ပြည်သူတွေကတော့ ဆက်လက် တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။


