ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ၂ ရက်ဆက် ပိတ်ဆို့ တိုက်ခိုက်ရာ စစ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း ဗျူဟာ ၁၁ ကရင်နီ စစ်ဒေသ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် ငွေတောင်ဆည်ဘက်မှ အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်း ဖက် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ၂ ရက်ဆက် ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း ၊ထိုသို့ ထိတွေ့တိုက်ပွဲအတွင်း အကြမ်း ဖက် စစ်တပ်ဘက်မှ စစ်သား ၂၀ ဦး သေဆုံးခဲ့ပြီး KNDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ရုပ်အလောင်းများကို ပြန်လည် ကောက်ယူသွားကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ငွေတောင်ဆည်ဘက်ကနေ ဒီးမော့ဆိုဘက်ကို ထိုးတာပါ။ စစ်ကြောင်း ၃ ကြောင်းနဲ့ ဖြန့်ပြီး ထိုးနေတာပေါ့။ စစ်ကြောင်း တစ်ကြောင်းကို အင်အား ၁၀၀ လောက်ပါတယ်။ သူတို့က နည်းနည်းနဲ့စထိုးပြီး ဝင်လို့ရတဲ့ အပေါက်ကနေ စအထိုင်ချပြီးမှ နောက်ကနေ အင်အား များများလိုက်ဝင်တာ တိုက်ပွဲအတွင်းမှာ သေတာက စစ်ခွေး ၂၀ လောက်နဲ့ ဒဏ်ရာရတာလည်း ၂၀ ကျော်မယ်။ စစ်ကြောင်းက ပြန်မဆုတ်ဘူးထပ်တိုးဖို့ လက်နက်ကြီးပစ်အား ဒရုန်းဗုံးချတဲ့အားနဲ့ နောက်ပြီး တင့်ကားနဲ့လည်းပစ်တယ်။ဟောင်ဝှစ်ဇာ နဲ့လည်း ပစ်တယ်။ ပစ်အားမျိုးစုံသုံးပြီးဆက်လက်ထိုးဖို့ ပြင်ဆင်နေပါတယ်” ဟု ဗျူဟာ ၁၁ ကရင်နီ စစ်ဒေသ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယင်း စစ်ကြောင်းသည် ဩဂုတ်လ ၃ ရက်နေ့မှ စတင်ပြီး ငွေတောင်ဆည်ဘက်မှ တက်လာခြင်းဖြစ်ပြီး ပြည်သူများ နေထိုင်သည့် ကျေးရွာများကိုလည်း နေ့စဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ထောင်နှင့်ချီသောပြည်သူများသည် ဘေးလွတ်ရာထွက်ပြေးနေရပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်ကြောင်း ဗျူဟာ ၁၁ ကရင်နီ စစ်ဒေသ မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။
