26.6 C
Yangon

ပလမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၁ လနီးပါးကြာ ပြန်လည်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅၃ ဦးသေဆုံး၊ စစ်တပ် ၏ ပစ်ခတ်မှုကြောင့် သံဃာတော်များ အပါအဝင် ပြည်သူ ၂၀ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၁ လနီးပါးကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၅၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ နှင့် ဒရုန်း ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၄ ရက်နေ့မှစတင်၍ ပုလောမြို့နယ်၊ ပလမြို့သို့ စစ်ကြောင်းထိုးဝင်ရောက်ရန် ကြိုးပမ်းလာသည့် အကြမ်းဖက် စစ် တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တန်ပြန်ထိုးစစ် တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲကြီး ၉ ကြိမ်နှင့် ထိတွေ့တိုက်ပွဲငယ်များစွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၄၈ ဦးရှိကြောင်း၊ တိုက် ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လေကြောင်း တိုက်ခိုက်မှု ၁၁ ကြိမ်၊ ရေတပ်စစ်သင်္ဘောက ၂၆ ကြိမ် ပစ်ကူပေး တိုက် ခိုက်ခဲ့ကြောင်း သိရှိရသည်။

“စခတွေက စက်တော်ရာနဲ့ အနီးတဝိုက်ကရွာတွေမှာ အင်အားစုဖွဲ့နေတာကြာပြီ။ မြိတ်မြို့ကနေ လာတာလည်းရှိတယ်။ အင် အားက ၃၀၀ ကနေ ၄၀၀ ကြားရှိနိုင်တယ်။ ပထမဆုံးထိတွေ့မှုဖြစ်တာ က ပလမြို့မှာရှိတဲ့ ဇာဒီရေနက် ဆိပ်ကမ်းကနေ ကမ်းတက်လာချိန်မှာ စတင်ထိတွေ့တိုက်ပွဲဖြစ်တာ ပါ။” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား ပြည်သူ ၁၈ ဦးသေဆုံးခဲ့ပြီး သံဃာတော် ၂ ပါးလည်း ပျံလွန်တော်မူခဲ့ကြောင်း၊ ထို ထိတိုက်ပွဲများအတွင်း ပလမြို့တွင်း၌ ပိတ်မိနေသည့် အရပ်သား ပြည်သူ ၃၂၉ ဦးကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

“ဖမ်းဆီးခံရမှုအခြေအနေကတော့ မသိရဘူး။ စခတပ်တွေက တည့်တည့်တိုးတဲ့ အရပ်သားပြည်သူ တွေကိုတော့ ပစ်သတ်ခဲ့တာများတယ်။ ကျနော်တို့ သိရသလောက်တော့ ၂ ဦးပါ။ အခုထုတ်ပြန်ထား တဲ့ အရပ်သားပြည်သူသေဆုံးသူ ၁၈ ဦးထဲမှာ ပစ်သတ်ခဲ့တဲ့ ပြည်သူ ၂ ဦးရောပါပါတယ်။ လက်ရှိ အချိန်အထိလည်း ပလမြို့ထဲကအိမ်တွေမှာ ခိုးအောင်နေတာတွေရှိသေးတယ်။ ကျနော်တို့ ရှင်းလင်း ဖို့ကြိုးစားနေတုန်း” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။

ထို့ပြင် တိုက်ပွဲများအတွင်း မဟာမိတ်တပ်ဖွဲ့ဘက်မှ ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် ၃ ဦးနှင့် ကရင်အမျိုး သား ကာကွယ်ရေးတပ်(KNDO) ရဲဘော် ၁ ဦး အသက်စွန့်လွှတ်ခဲ့ရကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်သားများထံမှ ပစ္စတို သေနတ် ၁ လက်၊ MA-1 ရိုင်ဖယ် ၂ လက်၊ RPG-7 ၁ လက်နှင့် ဗုံးသီးများ၊ ဒရုန်း ၁ စီးတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

“ပလမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေကို ဇူလိုင်လ ၂၄ ရက်နေ့တည်းက စတင်ပြီး ကျနော်တို့ ထိုးစစ်ဆင်ပြီး ပိတ်ဆို့ တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအတွင်းမှာ စစ်ခွေး ၅၀ ကျော်သေပြီး ဒဏ်ရာရတာလည်း အတော်များတယ်။ တိုက်ပွဲတွေကတော့ မရှိတော့ဘူး။ ကျနော်တို့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး မြိတ် – ပုလော လမ်းပိုင်းကို ပြန်ဖွင့်ပေးလိုက်ပါပြီ” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် ၃၄ ၊ ၃၅ နည်းဗျူဟာ လက်အောက်ခံတပ်ရင်းများနှင့် တနင်္သာရီတိုင်းစစ်ဌာန ဒရုန်းတပ်ရင်း၊ တနင်္သာရီတိုင်းပကဖ၊ ပုလောမြို့နယ်ပကဖ၊ ပလဖ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း ၇ ၊ KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ၁၁ ရက်နေ့ကလည်းထုတ်ပြန်ချက် ထုတ်ထားခဲ့တာရှိပါတယ်။ ပြည်ထောင်စုလမ်းပိုင်း ကိုတော့ ပြန်သုံးလို့ရပါပြီ။ ပလမြို့ထဲတော့ ပြန်ဝင်လို့မရသေးဘူး။ တိုက်ပွဲကလည်း အချိန်မရွေးဖြစ် နိုင်တဲ့အနေအထားရှိသေးလို့ ခရီးသွားပြည်သူတွေအနေနဲ့ ဂရုစိုက်သွားလာဖို့ရယ်။ စစ်ရေးသတင်းကို သေချာနားစွင့်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက သတိပေးသည်။

(Facebook ၏ စည်းမျဉ်းများအရ စစ်သားများ၏ သေဆုံးပုံများကို တင်ရန် အခက်အခဲရှိပါသဖြင့် ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ဆင်ဆာဖြတ်တောက်ခြင်းမရှိဘဲ သွားရောက် အားပေးကြည့်ရှုနိုင်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article