ရန်ကုန်၊ ဩဂုတ် ၁၆
မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ရှိ တောရဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သိမ်ကျောင်းနှင့် ဓမ္မာရုံတို့ ထိခိုက် ပျက်စီးခဲ့ကြောင်း TYK ပြောက် ကျားတပ်ဖွဲ့ မှ ရဲဘော် စောကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဩဂုတ်လ ၁၅ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ရှိ တောရဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားဖြင်းမရှိဘဲ Y-12 လေယာဉ်ဖြင့် ဗုံး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း တောရဘုန်းကြီးကျောင်းတိုက်ရှိ သိမ်ကျောင်းနှင့် ဓမ္မာရုံတို့ ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
” ၁၂ ရက်နေ့က ကျဲချသွားတဲ့ တောရကျောင်းကိုပဲ မနေ့က Y-12 နဲ့ ထပ်ကျဲ သွားတယ်။ ဒီတစ်ခါတော့ အတော်လေး ပျက်စီးသွားတယ်။ ကျောင်းဆောင်တွေလည်း ပေါက်ပြဲ သိမ်နဲ့ ဓမ္မာရုံလည်း ပျက်စီးတယ်။ ဘုန်းကြီးနဲ့ ကိုရင်တွေတော့ ထိခိုက်တာ မရှိပါဘူး။ တိုက်ပွဲလည်း မရှိဘူး။ စစ်ကြောင်းကလည်း ရေပြာကနေ အနောက်ကို ထွက်ခွာသွားနေပါပြီ အလုံးရေကတော့များတယ်။ ၂ လုံးကတော့ သိမ်နဲ့ ဓမ္မာရုံပေါ်ကို အတည့်ကျသွားတာ”ဟု TYK ပြောက်ကျားတပ်ဖွဲ့ မှ ရဲဘော် စောကြီးက ပြောဆိုသည်။
အလားတူ ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းကလည်း ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ရှိ တောရဘုန်းကြီးကျောင်းတိုက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ၊ စက်တပ်လေထီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။


