မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ရှိ အမျိုးသားဆောင်ကို ဒရုန်း ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲသဖြင့် နိုင်ငံရေး အကျဉ်း သား ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဗဟိုကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အိုးဘိုအကျဉ်းထောင်ရှိ အမျိုးသား အဆောင် ၄ နှင့် အဆောင် ၆ အပေါ်ကို ဒရုန်းဗုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၇ ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
အဆိုပါ ဗုံးကျဲမှုနှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ငြင်းဆိုထားသည့်အပြင် နိုင်ငံရေးအကျဉ်းသားများကိုလည်း ပါဝင် ပတ်သက်သည်ဟုဆိုကာ စွပ်စွဲ ရိုက်နှက်စစ်ဆေးမှုများလည်း ရှိနေကြောင်း၊ ဗုံးကျဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကိုလည်း စစ်တပ်က စွပ်စွဲ ရိုက်နှက်ခဲ့သည့်အပြင် နိုင်ငံရေးအကျဉ်းသားများ၏ နောက်ဆုံးအခြေအနေနှင့် ဗုံးကျဲမှုပြုလုပ်ခဲ့သည့်သူများကိုလည်း PPNM က ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။
” ၈ ရက်နေ့ မနက် ၁၀ နာရီခွဲ ဝန်းကျင်မှာ အမျိုးသား အဆောင် ၄ နဲ့ အဆောင် ၆ ကို ဦးတည်ပြီးတော့မှ Drop Bomb ၃ လုံး ကျလာတဲ့ အထဲမှာ ဗုံး ၂ လုံးကွဲခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လို့ အနည်းဆုံး နိုင်ငံရေး အကျဉ်းသား ၇ ဦးသေဆုံးခဲ့ပြီးမှ ဒီသေဆုံးမှုတွေကို ကျနော်တို့ အတည်ပြုပြီးဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသား သေဆုံးမှုက ဒီထက်ပိုမိုများပြားပြီးတော့မှ သေဆုံးမှု အခြေအနေ အသေးစိတ်ကို မကြာခင်မှာ ဆက်ပြီးတော့ ထုတ်ပြန်သွားဖို့ရှိပါတယ်။ စစ်ကောင်စီက သော် လည်းကောင်း၊ တော်လှန်ရေး အင်အားစုကသော်လည်း အကျဉ်းသားတွေကို ဦးတည်တိုက်ခိုက်တဲ့လုပ်ရပ်ကိုတော့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဒါ့အပြင် စစ်ကောင်စီက နိုင်ငံရေး အကျဉ်းသားတွေကို ဒီကိစ္စတွေဟာ နိုင်ငံရေး အကျဉ်း သားတွေကြောင့် ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုဖိနှိပ်ပြီးတော့ ညှင်းပန်းနှိပ်စက်တာတွေလည်းရှိနေပါတယ်။ ဒါကို ကျနော်တို့ အနေနဲ့ လုံးဝ လက်မခံဘူး။ နိုင်ငံရေး အကျဉ်းသားတွေဟာ စစ်ရေး ပစ်မှတ်မဟုတ်ဘူး။ နိုင်ငံရေး အကျဉ်းသားတွေ အသက်ရှင်သန်ပိုင်ခွင့်နဲ့ အကျဉ်သားအားလုံးနဲ့ လူသားအားလုံးရဲ့ အသက်ရှင်သန်ပိုင်ခွင့်ဟာ အား လုံးက တာဝန်ယူကျရမယ်ဆိုတာ ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဗဟိုကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။
အကျဉ်းထောင်များအတွင်း မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများသည် အသက်ရှင်သန်ပိုင်ခွင့် အပြည့်အဝရရှိရမည့်သူများဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ၏ အသက်အန္တရာယ်ကို ထိပါးလာနေသော ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က အပြင်းအထန် ကန့်ကွက်ထားသည်။
လူသားတစ်ဦးအနေဖြင့် ရရှိရမည့် အသက်ရှင်သန်ပိုင်ခွင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ၏ အခွင့်အရေးကို ကာကွယ်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်အနေဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း PPNM က ထုတ်ပြန်ထားသည်။
