ရန်ကုန်၊ ဩဂုတ် ၁၆
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်တပ်က အသက် ၂၀ နှစ်အရွယ် လူငယ် ၁ ဦးကို ဖမ်းဆီးပြီး ငွေကျပ် သိန်း ၁၀၀ တောင်း၍ ပြန်လည်လွှတ်ပေးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ကျောက်ကြီးမြို့နယ်၊ တုံးတံတားကျေးရွာမှ အသက် ၂၀ နှစ်အရွယ် စောအယ်ထူးစိုးက ပိန်းဇလုပ် ရထားလမ်းကုန်းအနီး စစ်တပ်၏ဘုန်းကြီးကျောင်းဂိတ်တွင် ဖမ်းဆီးခံလိုက်ရကြောင်း၊ ယင်းနောက် စစ်တပ်က ငွေကျပ် သိန်း ၁၀၀ တောင်းခံသဖြင့် ပေးရကာ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း KNU က ထုတ်ပြန်ပြောဆိုသည်။
ထို့ပြင် ဩဂုတ်လ ၇ ရက်နေ့၊ ည ၁၁ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် အကြမ်းဖက်စစ်တပ်၏ ပိန်းဇလုပ်အခြေစိုက်တပ်ရင်း ခလရ ၂၆၄ က တောင်ခင်ကျေးရွာသို့ ၁၂၀ မမ လက်နက်ကြီး ၁ လုံးပစ်ခတ်ခဲ့ရာ တောင်ခင်ရွာအနောက်သစ်ရပ်ကွက်ဘေး နနွင်းစိုက်ခင်းသို့ကျရောက်ခဲ့ပေါက်ကွဲခဲ့ကြောင်း၊ အလားတူ ဩဂုတ်လ ၉ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်အချိန် ပဲနွယ်ကုန်းမှ စစ်တပ်က လက်နက်ကြီး ၁၂၀မမ ၂ လုံးဖြင့် ပစ်ခတ်ခဲ့ရာ နံဇလေးကျေးရွာဘေး လယ်ကွင်းတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ဩဂုတ်လ ၁၀ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီတပ်၏ ပိန်းဇလုပ်အခြေစိုက်တပ်ရင်း ခလရ ၂၆၄ က လက်နက်ကြီး ၁၂၀မမ ၁ လုံးပစ်ခတ်ခဲ့ပြီး သမင်အင်းကုန်းကျေးရွာဘေးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
အလားတူ ဩဂုတ်လ ၉ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်မှ ည ၉ နာရီ ၄၈ မိနစ်အချိန်အထိ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ရေဖြူကန်မှ ခမရ ၂၀ တပ်က လက်နက်ကြီး ၆၀မမ ၇ လုံး ပစ်ခတ်ခဲ့ရာ ဂွေးကုန်းကျေးရွာနှင့် ကောက်မယ့်သူကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန် ဖားဘော်ကျေးရွာတွင် အထိုင်ချထားသော အာဏာသိမ်းစစ်ကောင်စီတပ်၏ ခမရ-၅၉၈က လက်နက်ကြီး ၈၁မမ ၁ လုံး ပစ်ခတ်ခဲ့ရာ သံမန်ဇရပ်ကျေးရွာအနားသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကားလမ်းများပေါ်တွင် ဆက်ကြေးကောက် ငွေတောင်းခံမှုများလုပ်ဆောင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့။
