မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂၀ ဦး သေဆုံးပြီး ခဲယမ်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း People’s Democratic Army – PDA မှ စစ်ရေးတာဝန်ခံ ရဲဘော်အုပ်စိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီမှ စတင်ပြီး ညောင်ဦးမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက စုတည်ရွာ နှင့် ရွာသစ်တောင်ရွာ အကြား ဘူတာရုံဟောင်းအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၂၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကာ စစ်တပ်ထံမှ လက်ပစ်ဗုံး ၁ လုံး၊ အီနာဂါ ၁ လုံး၊ ၅.၅၆ ကျည် ၁၉ ထောင့်၊ ၇.၆၂ ကျည် ၁၆ တောင့် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
“အဲတိုက်ပွဲမှာ ညောင်ဦးဘက်က စစ်ခွေး ၇ ကောင်သေတယ်။ သီတာယုမွန်ဆီက ကောင်တွေကတော့ ၁၃ ကောင်သေတယ်။ စုစုပေါင်း စစ်ခွေး ၂၀ ကောင်သေတယ်။ ထိတွေ့တိုက်ပွဲက မီတာ ၅၀ လောက်ကပ်တာဆိုတော့ နီးနီးလေး လှမ်းမြင်နေရတာပေါ့။ ဒီကောင်တွေက သေနတ်တွေကို လွယ်ထားပြီး ခိုးရာပါ ပစ္စည်းတွေကို ထမ်းထားတာဆိုတော့ ပြန်မပစ်နိုင်ဘဲ အသေများသွားတာ သူတို့ အင်အားက ၁၀၀ လောက်ဖြစ်နေလို့ မဟုတ်ရင် ကျနော်တို့ သေနတ်တွေပါရမှာ” ဟု People’s Democratic Army – PDA မှ စစ်ရေးတာဝန်ခံ ရဲဘော်အုပ်စိုးက ပြောဆိုသည်။
ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် အင်အား ထပ်မံဖြည့်တင်း၍ ရွာသစ်တောင်ကျေးရွာကို စစ်ကြောင်းထပ်ထိုးနေသောကြောင့် ပြည်သူလူထုများအနေဖြင့် စစ်ရေး သတိရှိကြပါရန် People’s Democratic Army – PDA တပ်ဖွဲ့က အသိပေး နှိုးဆော်ထားသည်။

