မန္တလေးတိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့ကို စစ်တပ်က ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၅၉ မိနစ်အချိန်နှင့် နံနက် ၉ နာရီ ၃ မိနစ်အချိန် စစ်ကောင်စီတပ်၏ တိုက်လေ ယာဉ် များ က မိုးကုတ်မြို့နယ် အရှေ့ပိုင်းသို့ ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ဆိုင်ကယ်စီး ခရီးသွား ပြည်သူ ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် ကလေးငယ် ၁ ဦး ပါဝင်ကြောင်း သိရှိရသည်။
“လမ်းပေါ်မှာ ဆိုင်ကယ်စီးနေတဲ့ ပြည်သူ ၁ ဦး သေဆုံးပါတယ်။ ကလေးငယ် ၁ ဦးလည်း သေဆုံးပါတယ်။ ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့်နေတယ်။ လေယာဉ်နဲ့ ဗုံးကျဲတာက နေ့စဉ် ရက်ဆက် အရမ်းများလာလို့ မလုံခြုံဘူးနေရတာ”ဟု မိုးကုတ်မြို့မှ အသက် ၄၂ နှစ်အရွယ် ကျောက်မျက်တူးဖော်ရေးလုပ်ကိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံပျက်စီးသွားကြောင်း ဒေသနေပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၁၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါ လိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးနှင့် လူကြီးတစ်ဦး ထိခိုက်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ပြီး ဆေးရုံမှာ လုံးဝပျက်စီးသွားကြောင်း သိရ သည်။
“လေယာဉ်နဲ့ နှစ်ရက်ဆက်တိုက် ပျံဝဲနေတာ။ အဲလိုဆိုတော့ ပြည်သူတွေက သတိနဲ့ နေနေကြတော့ အထိခိုက်အနည်သွားတာဖြစ်ပါတယ်။ ၂ ရက်ဆက်တိုက် ပျံဝဲပြီး ဒီနေ့မနက် ၈ နာရီခွဲလောက်ကမှ ကျဲသွားတာ၊ ကလေးတစ်ယောက်နဲ့ လူကြီးတစ်ယောက်ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ ဆေးရုံက တော့ တော်တော် ပျက်စီးသွားတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
ထို့ပြင် ယနေ့ မွန်းလွဲပိုင်း ၁၂ နာရီ ၁၀ မိနစ်အချိန်တွင်လည်း စစ်တပ်က မော်ချီးဒေသကို လေယာဉ်ဖြင့် ဗုံးထပ်မံ ကျဲချသွားကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ၎င်းတို့ ထိန်းချုပ်နိုင်ခြင်းမရှိသော မြို့နယ်များကို အရေးပေါ် အခြေ အနေ ကြေညာထားပြီး လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသောကြောင့် မိဘပြည်သူများ အနေဖြင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ သတိပေးချက်များ၊ နည်းလမ်းများကို လိုက်နာ ကျင့်သုံးပေး ကြပါရန်နှင့် ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာတူးထားကြပါရန် တော်လှန်ရေးအဖွဲ့ အစည်းများက တိုက်တွန်းထားသည်။


