ရန်ကုန်၊ ဩဂုတ် ၁၇
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ ကား ၁ စီး ပျက်စီးခဲ့ကြောင်း People’s Knight Defence Force – Myinmu (PKDF-MMU) မှ တာဝန်ရှိသူ ရဲဘော်အေးချမ်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
သြဂုတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၈ မိနစ်ခန့်တွင် လက်ထုတ္တော ကျေးရွာကို မီးရှို့ဖျက်ဆီးပြီး မြင်းမူမြို့အတွင်းသို့ ပြန်လည်ဝင်ရောက်လာစဥ် ဝမ်းပြည့်ကျေးရွာ နှင့် မြင်းမူမြို့ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း အိမ်စီးကား ၁ စီး မိုင်းထိမှန်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“ကျနော်တို့က ဆွဲမိုင်း ၆ လုံးနဲ့ အဝေးထိန်းမိုင်းတွေ ထောင်ထားပြီး နေ့ရောညပါ မိုင်းဆွဲဖို့ စောင့်ဆိုင်းနေတုန်း စစ်ခွေးတွေက အင်အား အလုံးအရင်းနဲ့ မိုင်းဆွဲဖို့ စောင့်နေတဲ့ နေရာကို ရောက်လာလို့ ကျနော်တို့ ပြန်ဆုတ်လိုက်ရတယ်။ ဒါပေမယ့် ကျနော်တို့ ထောင်ထားတဲ့ ဆွဲမိုင်းကြိုးကို စစ်ခွေးတွေ လိုက်ပါလာတဲ့ အိမ်စီးကား ၁ စီးက ဝင်တိုက်လို့ မိုင်းထကွဲတာ ကားလည်း ပျက်စီးသွားတယ်။ ထိခိုက်သေဆုံးမှု အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု People’s Knight Defence Force – Myinmu (PKDF-MMU) မှ တာဝန်ရှိသူ ရဲဘော်အေးချမ်းက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် စစ်ဌာန ကွတ်ကဲရေးမှူး ကွပ်ကဲမှုဖြင့် People’s knight Defense Force Myinmu (PKDF-MMU) နှင့်စစ်ကိုင်း ခရိုင် အမှတ် ၇ တပ်ရင်း တပ်ခွဲ ၃ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် မလိဝမ်းရဲစခန်းနှင့် မလိဝမ်းကျေးရွာ အမှတ် ၅၈၂ ခြေမြန်တပ်ရင်းတိုက်တို့ကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၂နာရီ ၃၀ မိနစ်ခန့်တွင် ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ အခြေစိုက် အမှတ် ၅၈၂ ခြေမြန်တပ်ရင်းနှင့် မလိဝမ်းကျေးရွာရှိ မလိဝမ်းရဲစခန်းတို့ကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
ယင်းတိုက်ခိုက်မှုများတွင် အဆောက်အဦးများ နှင့် ဗန်ကာ အများအပြား ထိခိုက်ပျက်စီးကာ အကြမ်းဖက် စစ်သား အများအပြား ကျည်ထိမှန်သည်ကို တော်လှန်ရေးရဲဘော်များ ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး အရာရှိ ၁ ဦးသေဆုံးကာ ၁၀ ဦး ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
