ရန်ကုန်၊ ဩဂုတ် ၁၇
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၁၀ ဦးကို ဖမ်းဆီးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်း (People Defence Force – Pwintbyu) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဩဂုတ်လ ၈ ရက်နေ့တွင် ပွင့်ဖြူမြို့နယ်အတွင်း အင်အား ၁၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများသည် အုတ်ဖိုရွာ ၊ သနပ်ဝရွာ ၊ မကျီးစုရွာ၊ ဖလံကျင်းရွာနှင့် လေးအိမ်စု ရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပြည်သူ ၁၀ ဦးကို လူသားဒိုင်း အဖြစ်ဖမ်းဆီးကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ခွေး စစ်ကြောင်းက ပြည်သူ ၁၀ ဦးကို ဖမ်းဆီးသွားတယ်။ ဖလံကျင်းကျေးရွာသား ကိုခင်ဇော် ကိုတော့ ဆက်လက် ဖမ်းဆီးထားတုန်း ကျန်တဲ့ သူတွေ ပြန်လွတ်လာပြီလို့ပြောတယ်။ ဖလံကျင်းကျေးရွာက နေအိမ် ၁ လုံးကို မီးရှို့ ဖျက်ဆီးသွားတယ်။ စစ်ခွေးတွေ ပြန်ဆုတ်သွားတဲ့ အချိန်မှာ နေအိမ်က ပစ္စည်းတွေ ယူသွားတာမျိုးရှိတယ်။ အဓိကကတော့ဖုန်းတွေပေါ့”ဟု မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်း (People Defence Force – Pwintbyu) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယင်း စစ်ကြောင်းသည် ဩဂုတ်လ ၉ ရက်နေ့တွင် ဝါစိုက်ပျိုးရေးတပ်ကို ပြန်လည် ဆုတ်ခွာသွားခြင်းဖြစ်ပြီး စစ်ရှောင်ပြည်သူများ ပြန်လည်နေထိုင်နိုင်ရန် တော်လှန်ရေး ရဲဘော်များက နယ်မြေရှင်းလင်းရေးပြုလုပ်ပေးနေကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ဗိုကျေးရွာကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် အလုံး ၂၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ခွန်းရိမ်းယံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဩဂုတ်လ ၉ ရက်နေ့မှစတင်၍ ဆီဆိုင်မြို့နယ် ၊ နောင်ဗိုကျေးရွာကို အကြမ်းဖက် စစ်တပ် နှင့် PNO ပြည်သူ့စစ်က ပြည်သူလူထုနေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ရာ နေအိမ်အလုံး ၂၀ ကျော်မီးလောင်ပြာကျထားပြီး ဆက်လက်မီးရှို့နေဆဲဖြစ်ကြောင်း သိရသည်။
“နောင်ဗိုကျေးရွာကို ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ PNO ပြည်သူ့စစ်က မီးရှို့တာက ၉ ရက်နေ့ကစပြီး တော့ မနေ့ကအထိ ရှို့နေဆဲဖြစ်တယ်။ အဲဒီမှတ်တမ်းဗွီဒီယိုကတော့ ကျနော်တို့ ဒရုန်းနဲ့ရိုက်ယူနိုင်ခဲ့ တာ ၃ ရက်ရှိပြီ။ နောင်ဗိုကျေးရွာမှာ မီးရှို့ခံရတဲ့နေအိမ်က ကျနော်တို့ရိုက်ယူနိုင်ခဲ့တဲ့မှတ်တမ်းအရ ဆိုရင် နေအိမ် ၂၀ ထက်မနည်းတော့ဘူး။ အတိအကျကတော့ တွက်ချက်လို့ မရသေးဘူး။ အဲဒီမှာ မီး ရှို့ခံရတဲ့နေအိမ်တွေက ပြည်သူလူထုရဲ့နေအိမ်တွေပါပဲ။ စစ်ဘေးပြည်သူတွေရဲ့ နေအိမ်တွေဖြစ်ပါ တယ်။ ပြည်သူတွေက ပြန်လို့မရသေးဘူး။ ပြန်လို့မရသေးဘူးဆိုတာက သူတို့ကမောင်းထုတ်ထား လို့။ သူတို့က အရင်က စာပို့ပြီးတော့ မောင်းထုတ်ထားတဲ့ရွာဖြစ်ပါတယ်။ ပြည်သူတွေကို ရွာထဲက နေမောင်းထုတ်တယ်။ သူတို့က စစ်ကြောင်းထိုးတယ်။ ပြည်သူတွေကို မောင်းထုတ်ပြီးတော့ ရွာထဲကို စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့နေတာဖြစ်ပါတယ်” PNLA သတင်းနှင့်ပြန်ကြားရေး တာဝန် ရှိသူ ခွန်းရိမ်းယံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက် စစ်တပ်နှင့် PNO ပြည်သူ့စစ်က နောင် ဗိုကျေးရွာရှိ ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးနေမှုအား PNLA ကင်းထောက်တပ်ဖွဲ့က ဒရုန်း ဖြင့် သက်သေရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ နောင်ဗိုကျေးရွာ၊ နောင်ထော်ကျေးရွာနှင့် တပူးထိုကျေးရွာ ကို ယနေ့အထိမီးရှို့နေဆဲဖြစ်ကြောင်း သိရသည်။


