28.9 C
Yangon

TNLA သိမ်းပိုက်ထားသော ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာသို့ စစ်တပ်က မြေပြင်မှ စစ်ကြောင်းထိုးလာ

Must read

ရန်ကုန်၊ ဩဂုတ် ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တိုက်ခိုက်သိမ်းပိုက်ထားသော ကျောက်မဲမြို့နယ် နောင်ပိန်ရွာသို့ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုးလာကြောင်း ကျောက်မဲအခြေစိုက် စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က နောင်ပိန်ရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းဘက်မှ အင်အား ၈၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာကြောင်း သိရသည်။

ယင်း စစ်ကြောင်းသည် လက်ရှိချိန်တင် နောင်ပိန်ရွာနှင့် ၁ မိုင်ကျော်ခန့်သာ ကွာဝေးသော ထန်းတပင်ရွာကို ရောက်ရှိနေပြီး ကျေးရွာနေပြည်သူများကို လိုက်လံ ဖမ်းဆီးနေသောကြောင့် ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ကျောက်မဲမြို့ကိုလည်း ယနေ့ နံနက် ၁၀ နာရီ ၁၈ မိနစ်ခန့်တွင် အသေခံဒရုန်း ၁ စင်းဖြင့် စတင် တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ဒီနေ့ နံနက်ပိုင်းမှာ စစ်ခွေးတွေက နောင်ပိန်ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ အလုံး အရေအတွက်ကတော့ အတည်မပြုနိုင်သေးဘူး။ ရွာလုံးကျွတ် ပြေးနေရပြီး နောက်ပြီး စစ်ခွေး စစ်ကြောင်းကလည်း နောင်ပိန်အနီးမှာရှိတဲ့ အထက် ရဲရွာရေအားလျှပ် စစ် စီမံကိန်းဘက်ကနေ စစ်ကြောင်းထိုး တက်လာတာ အင်အား ၈၀၀ လောက်ရှိနေတယ်။ နောင်ပိန်နဲ့ ၁ မိုင်လောက်ပဲဝေးတဲ့ ထန်းတပင်ရွာဘက်ကို ရောက်နေတယ်။ ပြည်သူတွေကို လိုက်လံ ဖမ်းဆီးနေတာ အဖမ်းခံရသူတွေရှိတယ်လို့ သိရတယ်။ အရေ အတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ယမန်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ကျောက်မဲမြို့နယ် နောက်ပိန်ရွာ ၅ ရပ်ကွက်ကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ် တိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- TNLA တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article