ရန်ကုန်၊ ဩဂုတ် ၁၉
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ၀မ်ပေါင်ကုမ္မဏီမှ ကင်းလှည့်ရန် ထွက်လာသော စစ်သားများက လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျောက်ဖြူတိုင်ရွာကို ဝင်ရောက် ပစ်ခတ်ခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဆားလင်းကြီးမြို့နယ် ၀မ်ပေါင်ကုမ္မဏီမှ ကင်းလှည့်ရန် ထွက်လာသော အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျောက်ဖြူတိုင်ရွာကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ၏ ပစ်ခတ်မှုကြောင့် ကျောက်ဖြူတိုင်ရွာမှ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် မြေပြင်တွင်လည်း ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ကျေးရွာ ၅ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ကျောက်ဖြူတိုင်ရွာက အမျိုးသမီးက သေနတ်မှန်ပြီးသေဆုံးတာ ဝမ်ပေါင်ထဲကိုတော့ တော်လှန်ရေး တပ်ဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စစ်ခွေးတွေက ကင်းလှည့်လာပြီး ကျောက်ဖြူတိုင်ရွာကို ပစ်ခတ်သွားတာ စစ်ခွေး အင်အားကတော့ ၄၀ လောက်ရှိတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ယမန်နေ့ ဩဂုတ်လ ၁၈ ရက်နေ့ကလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် မှ တက်သော စက်တပ်လေထီး ၁ စီးက မိုးကြိုးပြင်တောင်ရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
