စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာ စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြားဖမ်းမိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ဩဂုတ်လ ၁၅ ရက်နေ့ ညနေ ၇ နာရီခန့်အချိန် မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာရှိ အကြမ်းဖက်စစ် သား၊ ပျူစောထီးများ ပူးပေါင်း အင်းအား ၇၀ ခန့်ဖြင့် တပ်စွဲထားသော စခန်းကို တော်လှန်ရေးတပ်ဖွဲ့ ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး ပျူ စောထီးခေါင်းဆောင် အဲပါ အပါ အဝင် စစ်သုံ့ပန်းအများအပြား ဖမ်းမိခဲ့ကြောင်း၊ ထို့အပြင် စစ်သား၊ ပျူစောထီးများ အသုံးပြုသော လက်နက်ကြီး၊ လက်နက်ငယ် ၂၃ လက်နှင့်အတူ ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“အဲဒီစခန်းမှာက စခက အနည်းအကျဉ်းပဲ၊ ပျူစောထီးက ၆၀ လောက်ရှိတယ်။ စခန်းသိမ်းတဲ့အချိန် မှာ တော်တော်များများအသေအပျောက်ရှိတယ် ။ အရှင်ဖမ်းမိတာတွေလည်းရှိတယ်။ ဖမ်းမိတဲ့အထဲ မှာ ပျူစောထီးခေါင်းဆောင်လည်းပါတယ်လို့ ပြောတယ်။ ပျူစောထီးခေါင်းဆောင် အဲပါ ဆိုတဲ့ လူကို လည်း ဖမ်းမိတယ်။” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယင်းစခန်းသိမ်းတိုက်ပွဲကို စစ်ကူပေးရန် တောင်းအင်ကျေးရွာဘက်မှ ချီတက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကိုးတန်ချောင်းတံတားမှ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ရှေ့ဆက်တိုးနိုင်ခဲ့ခြင်း မရှိ ကြောင်း၊ ထိုသို့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ထော်သာစခန်းကို အလွယ်တကူသိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
“ကျနော်တို့ဒေသကလည်း မိုးများတဲ့ဒေသဆိုတော့ ကိုးတန်ချောင်းဆိုတာရှိတယ်။ ချောင်းတဖက် ကမ်းမှာကျတော့ သာနန်းတောရွာနဲ့ နောက်တစ်ဖက် ကမ်းမှာတော့ တောင်းအင် ဆိုတဲ့ရွာ ၂ ရွာရှိ တယ်။ ထော်သာနဲ့ သာနန်းတော့ သိပ်မလှမ်းမကမ်း၊ ၂ မိုင်လောက်တော့ရှိမယ်။ ချောင်းကလည်း တအားကြီးနေတဲ့အခါကျတော့ တောင်းအင်ဘက်ကမ်းကနေ ထော်သာကို စစ်ကူသွားဖို့ တံတားကို ဖြတ်လာတဲ့အချိန်မှာ သာနန်းတောဘက်အခြမ်းကနေ ပိတ်ဆို့ပစ်ခတ်တာ၊ တံတားကိုကျော်တက် မရဘူးဖြစ်နေတာ၊ အဲဒါကြောင့် ထော်သာကို သိမ်းတဲ့အချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက အေး အေး ဆေးဆေးသိမ်းနိုင်တာ။ စစ်ကူမလာနိုင်လို့။ ချောင်းကလည်း ရေကကြီးနေတာဆိုတော့ စစ်ကူသွားဖို့က ဒီတံတားတစ်ခုပဲရှိတာဆိုတော့ စစ်ကူသွားမရဘူးဖြစ် နေတယ်။” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
ထို့အပြင် ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်တို့မှ စုန်ဆင်းလာသည့် စစ်သင်္ဘောများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ကြာအင်းကျေးရွာအနီးတွင် ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ ဆက်လက် စုန် ဆင်းလာနိုင်ခြင်းမရှိတော့သဖြင့် အင်းတပေါင်းရွာ၌ အထိုင်ချနေရာယူခဲ့ကြောင်း၊ ယင်းမှတဆင့် နန်းစောက်ကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ အင်းတပေါင်းကျေးရွာတို့မှ တဆင့် စစ်ကူလာခဲ့သောကြောင့် ဆက်လက်တိုက်ပွဲပြင်းထန်နေပြီး ဒေသနေပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“မနေ့က အထက်ဘက် ဟုမ္မလင်း၊ ဖောင်းပြင်ဘက်နေ စုန်လာတဲ့ စစ်သင်္ဘောတွေက ဒီမှာ တိုက်ပွဲ လည်းဖြစ်မှန်းသိတဲ့အခါကျတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ကြာအင်းနားကနေ တိုက်ခိုက်ထားတယ်လို့ သိရတယ်။ အဲလိုတိုက်ခိုက်လို့ စစ်သင်္ဘောတွေ အောက်ကို စုန်လို့မရဘူး။ စုန်လို့မရတဲ့အခါ မှာ အင်းတ ပေါင်းဆိုတဲ့ ရွာမှာ အထိုင်ချလိုက်တာ။အင်းတပေါင်းနဲ့အခုသိမ်းလိုက်တဲ့ ထော်သာနဲ့က တကြောတည်း၊ ချောင်းဖြတ်စရာမလိုတော့ဘူး။ ချောင်းဖြတ်စရာမလိုတဲ့အခါကျတော့ အင်းတပေါင်းကနေ ထော်သာဘက်ကို တက်တဲ့ နန်းစောက်၊ ဇီးကုန်း၊ အင်းတပေါင်းဆိုတဲ့ ရွာတွေ ရှိတယ်။ အဲဒီရွာက ပြည်သူတွေထွက်ပြေးနေကြရတယ်။” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။


