ရန်ကုန်၊ ဩဂုတ် ၁၉
မကွေးတိုင်း၊ စလင်းမြို့နယ်၊ သရက်ချည်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ညီနောင် စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဩဂုတ်လ ၁၅ ရက်နေ့ ည ၉ နာရီ ၅ မိနစ်ခန့်တွင် ဆင်ဖြူကျွန်း လမ်းပိုင်း ကွက်သစ် ထွန်းစက်စခန်းမှ အကြမ်းဖက် စစ်သားများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သရက်ချည်ရွာကို လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခဲ့သောကြောင့် အသက် ၁၃ နှစ် အရွယ် ကလေး ၁ ဦး နှင့် အသက် ၃၀ နှစ် အရွယ် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
“သရက်ချည်ရွာက ပြည်သူ ကလေးအပါ အဝင် ၂ ဦးနဲ့ နေအိမ် တချို့ ထိခိုက်ပျက်စီးပါတယ်။ စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်တာပါ။ နေအိမ် တစ်လုံး ပျက်စီးတယ်။ လက်နက်ကြီး ၂ ချက်ပစ်တာပါ” ဟု ပြည်သူ့ညီနောင် စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ပြည်သူ ၈၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေး တိမ်ရှောင်နေရကြောင်း ရင်း မြစ်ဌာ နေမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဩဂုတ် ၁၅ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ယင်းမာပင်မြို့နယ် ဘန့်ဘွေးပျူစောထီးရွာကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းနေ၍ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းအနီးရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ကျေးရွာ ၅ ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်။ လူဦးရေက ၈၀၀၀ ကျော်တယ်။ ပြည်သူတွေကတော့ အခုချိန်ထိ ထွက်ပြေး တိမ်းရှောင်နေရတယ်” ဟု ရင်း မြစ်ဌာ နေမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဩဂုတ် ၁၆ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် တရော်ကျင်းကျေးရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူပိုင်ပစ္စည်းများကို စိတ်ကြိုက်ယူဆောင်သွားကြောင်း၊ လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းသည် ဘန့်ဘွေးပျူစောထီးရွာကို ရောက်ရှိသွားသော်လည်း စစ်ကြောင်းပြန်လည် ထွက်ခွာလာမည်ကို စိုးရိမ်သောကြောင့် ပြည်သူများ ဆက်လက် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ယင်းမာပင်မြို့နယ် အတွင်း စစ်တပ် စစ်ကြောင်းဝင်ရောက်လာ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

