29.5 C
Yangon

ဝက်လက် တမာကန်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်၊ မတ္တရာမြို့နယ် ကျောက်တံတားရွာအနီးရှိ ကျေးရွာများကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဩဂုတ် ၁၉

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် တမာကန်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၁ မိနစ်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ်၊ အရှေ့တောင်ခြမ်းရှိ တမာကန်ရွာကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

“တမာကန်ရွာအနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားပါတယ်။ အမှတ် ၃ လမ်းဘေးကို ပစ်သွားတာပေါ့။ တစ်ကြိမ်ကတော့ ဗုံးကျဲတာ တစ်ကြိမ်ကတော့ စက်လက်နဲ့ ပစ်သွားတာ သူတို့ ဗုံးကျဲသွားတဲ့နေရာက မတ္တရာမြို့ပေါ်က စစ်ခွေးတွေ လက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူတွေက ရှောင်နေတာဆိုတော့ အထိအခိုက်မရှိပါဘူး” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျောက်တံတားရွာအနီးရှိ နေအိမ်များကို ဆက်လက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်ခန့်က စတင်ပြီး မတ္တရာမြို့နယ် ကျောက်တံတားကျေးရွာအနီးတစ်ဝိုက်ရှိ နေအိမ်များကို အကြမ်းဖက် စစ်သားများက မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ကလည်း စစ်ခွေးတွေ မီးရှို့ဖျက်ဆီးတယ်။ ၂ ရက်ဆက် ရှို့နေတာပေါ့။ နေအိမ်ပျက်စီးမှု အခြေအနေ မသိရသေးဘူး။ ပြည်သူတွေကတော့ ဘေးလွတ်ရာကို ရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်ကလည်း မတ္တရာမြို့နယ် ကျောက်တံတားရွာသစ် အနီးရှိ နေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article