ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး တင့်ကား ၁ စီးကို KIA ပူးပေါင်းတပ်က ဖျက်ဆီးနိုင်ခဲ့ကာ စစ်တပ်က မြို့ပေါ်မှ ပြန်လည် ဆုတ်ခွာသွားကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဗန်းမော်မြို့၌ အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်၏ တင့်ကား ၁ စီးကို ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ အထိနာခဲ့သောကြောင့် လက်ရှိချိန်တွင် စစ်သားများသည် ဗန်းမော်မြို့ပေါ်မှ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
“ဒီနေ့ ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်တယ်။ စစ်ခွေးတွေ တော်တော်အထိနာပြီး မြို့ပေါ်က ပြန်ဆုတ်သွားပြီ မွန်းလွဲ ၁ နာရီလောက်ကလည်း စစ်ခွေး တင့်ကား ၁ စီးကို KIA ပူးပေါင်း တပ်တွေက ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့တယ်” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ဩဂုတ်လ ၁၈ ရက်နေ့ကလည်း ဗန်းမော်မြို့ နောင်ခို ၊ မင်းလှ ၊ ရွှေကျီး အနီးတွင် လှုပ်ရှားနေသည့် အကြမ်းဖက် စစ်တပ်ကို KIA ပူးပေါင်း တပ်ဖွဲ့များက ခုခံ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်တပ် စစ်ကြောင်း တစ်ခုလုံး စကခ ၂၁ တပ်သို့ ပြန်လည် ဆုတ်ခွာထွပ်ပြေးသွားပြီး တိုက်ပွဲအတွင်း စစ်သားများ ထိခိုက်သေဆုံးမှုများပြားကာ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဗန်းမော်မြို့ပေါ်တွင် ဩဂုတ်လ ၁၃ ရက်နေ့မှစ၍ မြစ်ဆုံဟိုတယ်အနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် KIA ပူးပေါင်းတပ်ဖွဲ့က ခုခံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေ့ရော ညပါ ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၆၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်သားအလောင်းများ ပုံထပ်နေကာ လာရောက်ယူနိုင်ခြင်းမရှိကြောင်း သိရသည်။
