■ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၆ ဦးသေဆုံးကာ PDF ရဲဘော် ၂ ဦး ကျဆုံး
ရန်ကုန်၊ ဩဂုတ် ၂၀
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်တပ်က ထိန်းတောရွာမှ အသက် ၇၀ အရွယ် အဖွားအို ၁ ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး လည်ပင်းညစ် သတ်ဖြတ်ကာ ပြည်သူ ၄ ဦးကိုလည်း မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၆ ရက်နေ့တွင် တန့်ဆည်မြို့နယ်ဘက်မှ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းသည် ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာသစ်ရွာ၊ ကိုင်းရိုးရွာ၊ ကျေးပင်အပ်ရွာ၊ သရက်တော့ရွာ၊ အင်္ဂါဒေါင့်ရွာနှင့် မြစိန်ဘုရားတောတိုက်တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ဩဂုတ်လ ၁၆ ရက်နေ့တွင် ထိန်တောရွာကို စစ်ကြောင်းထိုးဝင်ရောက်လာစဉ်က အသက် ၇၀ ကျော်အရွယ် အဖွားအို ၁ ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး လည်ပင်းညစ်သတ်ခဲ့ကြောင်း၊ ထို့ပြင် ရွာသစ်ရွာမှ ကိုဇော်ဦး၊ ရီးဒွေးရွာမှ ကိုဖိုးတရုတ် နှင့် ထိန်တောရွာမှ အမျိုးသား ၂ ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
ထိုစစ်ကြောင်းသည် ကန့်ဘလူမြို့နယ် အတွင်း ဝင်ရောက်လာစဉ်မှ စတင်ပြီး ညောင်းပေါင်ရင်း ကျေးရွာ ပကဖ မှ ဗိုလ်ချစ်သူ ဗိုလ်နွေဦးမောင် ဦးဆောင်သော တော်လှန်ရေး ရဲဘော်များက ဆက်တိုက် လိုက်လံ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၆ ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေက ရွာ ၆ ရွာကို မီးရှို့ ဖျက်ဆီးသွားတယ်။ မုဒိန်းကျင့်ခံရတဲ့ အဖွားအိုကိုတော့ လည်ပင်ညစ်ပြီး သတ်ဖြတ်သွားတယ်။ ကျန်တဲ့ ပြည်သူ ၄ ဦးကိုတော့ မီးရှို့သတ်ဖြတ်ခဲ့တယ်။ စစ်ခွေးတွေ ကန့်ဘလူနယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတည်းက ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေက လိုက်လံ တိုက်ခိုက်ခဲ့တာ စစ်ခွေး ၆ ကောင်သေပြီး တော်လှန်ရေး ရဲဘော် ၂ ဦး အသက်ပေးလှူ လိုက်ရပါတယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်အထိ ကျေးရွာများတွင် တပ်စွဲထားသောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များကို လက်နက်ခဲယမ်းများ ထောက်ပို့ လှူဒါန်းပေးရန် မေတ္တာရပ်ခံကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)
