25.1 C
Yangon

ထားဝယ်တွင် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး ကားနှင့် ခဲယမ်းများ သိမ်းဆည်းရရှိ၊ စစ်တပ်က ယနေ့ ညနေပိုင်းထိ လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေ

Must read

ရန်ကုန်၊ ဩဂုတ် ၂၀

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ကားနှင့် ခဲယမ်းများ သိမ်းဆည်းရရှိကာ စစ်တပ်ကလည်း ယနေ့ ညနေပိုင်းထိ လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၆ ရက်နေ့တွင် ထားဝယ်မြို့မှ ရိက္ခာလာပို့သည့် စစ်ကား ၁၀ စီးပါ စစ်ယာဉ်တန်းသည် ပကာရီရဲကင်းစခန်းကို ရိက္ခာလာရောက် ပို့ဆောင်ခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက် စစ်တပ် ယာဉ်တန်းသည် ကျောက်မဲတောင်ရှိ စစ်တပ်စခန်းများကို ရိက္ခာပို့ရန် ထပ်မံ ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဩဂုတ်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး စစ်ကြောင်း တစ်ခုလုံး တပ်ပျက်ကာ ကားနှင့် ရိက္ခာများကို ထားခဲ့ပြီး စစ်သားများ ခြေဦးတည့်ရာထွက်ပြေးသွားကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများ ထားခဲ့သော ကား တချို့နှင့် ခဲယမ်းများကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက သိမ်းဆည်းနိုင်ခဲ့ပြီး ကားအများအပြားသည် တိုက်ပွဲအတွင်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“သူတို့တက်လာတာတော့ ၁၇ ရက်နေ့လောက်စပြီး တက်လာတာပါ။ ဒီတောင်ကျော်လမ်းပေါ့။ တောင်ကုန်းကိုတက်တာပေါ့​။ တက်လာတဲ့ အချိန်ကို တော်လှန်ရေး တပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်တာပါ။ ၁၈ ရက်နေ့ကတော့ တစ်နေ့ကုန် တိုက်ပွဲ ဖြစ်တယ်။ ၁၉ ရက်နေ့လည်း ဖြစ်တယ်။ ၁၉ ရက်နေ့ကြတော့ သူတို့ဘက်တော်တော်လေး အထိနာပြီးတော့ ဆုတ်လို့လည်း မရတက်လို့လည်းမရဖြစ်ပြီးတော့ အဲဒီမှာ သူတို့ တပ်ပျက်သွားတာ စစ်ခွေးတွေ ခြေဦးတည့်ရာကို အကုန်ထွက်ပြေးသွားတယ်။ တော်လှန်ရေးတပ်ဖွဲ့ဘက်ကတော့ ကားနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိတယ်လို့တော့ သိရတယ်။ အရေအတွက် ဘယ်လောက် သိမ်းဆည်းရရှိတယ်ဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးကား အများစုက တိုက်ပွဲအတွင်းမှာ မီးလောင်ပျက်စီးတယ်လို့တော့ သတင်းကြားထားတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်ကပြောဆိုသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခဲ့သော တောင်ကြောတစ်လျောက်ကို လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲနေပြီး ကျေးရွာများ အတွင်းကျရောက် ပေါက်ကွဲခြင်းကြောင့် ပြည်သူများ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article