အမျိုးသားညီညွတ်ရေး အစိုးရထံ ၇ လတာ အတွင်း စစ်တပ်ဘက်မှ ဗိုလ်မှူး ၂ ဦး အပါအဝင် ၄၀၉ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း NUG အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ၇ လတာအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည် ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ ပကဖအဖွဲ့များကို ဆက်သွယ်ကာ ဗိုလ်မှူး ၂ ဦး အပါအဝင် စုစုပေါင်း ၄၀၉ ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း သိရသည်။
ပြည်သူ့ရင်ခွင် ခိုလှုံလာသူ ၄၀၉ ဦးတွင် လက်နက်ဖြင့် ဝင်ရောက်လာသူ ၁၇၉ ဦး ရှိပြီး လက်နက်ယူဆောင်လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်မှုထမ်းနှင့် SNA တပ်ဖွဲ့များမှ ခိုလှုံလာသူ ၄၀၉ ဦးတွင် ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၆ ဦး၊ ဗိုလ် ၁ ဦး တို့ ပါဝင်လာသောကြောင့် စစ်ကောင်စီကို အရာရှိ အဆင့်များကပါ လက်ခံလိုခြင်း မရှိသည်ကို ပြသလျက်ရှိကြောင်း သိရသည်။
အာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း အမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်းထားသည်။

