စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ခြိမ်းရှိကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၃၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၄ ဦး သေဆုံးကာ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးများလည်း ထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။
“ကျနော်တို့ သိရတာတော့ ပြည်သူ ၄ ဦးသေဆုံးပြီး ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်” ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၂ နာရီ ၂၅ မိနစ်ခန့်မှ စတင်ပြီး မိတ္ထီလာလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီးများက တောင်သာမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို ဗုံး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်းပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ပြီး လက်နက်ကြီး ၁၁ လုံး ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၆ လုံး ဗုံးစထိမှန် ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
သြဂုတ်လ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပင်တိန်ကျေးရွာကို လေယာဉ်ဖြင့် ဗုံး ၂ လုံး၊ ပင်တိန်ရွာနှင့် နောင်ပိန်ရွာ အကြားကို လက်နက်ကြီး ၇ လုံးနှင့် ကျောင်းကုန်းကျေးရွာကို လက်နက်ကြီး ၄ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပင်တိန်ရွာရှိ နေအိမ် ၄ လုံး ၊ ပင်တိန်ရွာနှင့် နောင်ပိန်ကျေးရွာ အကြားရှိ နေအိမ် ၂ လုံး ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ဇူလိုင်လအတွင်း ကျောက်မဲမြို့နယ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ (ပုံအဟောင်းဖြစ်သည်)
