မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဆယ်ဝရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဆယ်ဝရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကာ ထိခိုက်မှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“ဆယ်ဝရွာကို စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကျဲသွားတာ ပြည်သူ ၅ ဦး သေဆုံးတယ်လို့ ကနဦးသိရတယ်။ ပြည်သူထိခိုက်သေဆုံးမှု အရေအတွက်က ပိုများနိုင်တယ်။ စစ်ခွေးတွေ လေကြောင်း တိုက်ခိုက်တာတွေ ထပ်လုပ်မှာကြောက်လို့ ပြည်သူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ ယမန်နေ့ ဩဂုတ်လ ၂၁ ရက်နေ့ကလည်း တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ် ၁ စီးက ပေါက်မြို့နယ် အရှေ့ ခြမ်းရှိ ကျေးရွာများကို ဗုံးသီး ၂၉လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထို့ပြင် ဩဂုတ်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့တွင် ပေါက်မြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
