ရန်ကုန်၊ ဩဂုတ် ၂၂
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က သံသည်ရွာ စာသင်ကျောင်းကို ဝင်ရောက် စီးနင်းပြီး ကျောင်းသုံး ပစ္စည်းများကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်
ဩဂုတ် ၂၁ ရက်နေ့ နံနက် ၆နာရီ ၃၀ မိနစ်ခန့်တွင် အင်အား ၆၀ ခန့်ပါသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဦးမြို့အနောက်ဘက် သံသည်ကျေးရွာကို ဝင်ရောက် စီးနင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ စာသင်ကျောင်းကို ဝင်ရောက် မွှေနှောက်ကာ စာသင်ခုံများကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ပြည်သူတွေကို ဖမ်းဆီးတာမျိုး မရှိပါဘူး။ လက်ရှိမှာ စစ်ခွေး စစ်ကြောင်းက ရေဦးမြို့ထဲကို ပြန်ဝင်သွားပါတယ်။ ဒီနေ့ ပြန်ဝင်သွားတယ်။ စစ်ခွေးတွေက မြို့ထဲ ပြန်ဆုတ်သွားတဲ့ အချိန်မှာ ကားတစ်စီးကို ချောဆွဲသွားတယ်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။
အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ကျောက်တံတားရွာအနီးရှိ နေအိမ်များကိုလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း Voice Of Mandalay (Vomdy) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မတ္တရာမြို့နယ် ကျောက်တံတားကျေးရွာအနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ နေအိမ်ပျက်စီးမှု အရေအတွက်ကို လက်ရှိချိန်ထိ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။



