ရန်ကုန်၊ ဩဂုတ် ၂၂
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး စေတီများ ထိခိုက်ပျက်စီးခဲ့ကြောင်း People’s Defence Force -Yenangyaung ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၁ ရက်နေ့ ည ၁၁ နာရီခန့်တွင် ရေနံချောင်းမြို့နယ်၊ လေးတိုင်စဥ်ကျေးရွာ ဆေးခန်း နှင့် မူကြိုကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ဆေးခန်းနှင့် မူကြိုကျောင်း အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် စမ်းကန်ကြီးကျေးရွာအတွင်းကို ဗုံး ၂ လုံး ထပ်မံကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး သေဆုံးကာ ကလေးငယ် ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်များနှင့် စေတီများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“မူကြိုကျောင်းနဲ့ ဆေးခန်း အဆောက်အဦးတွေ ထိခိုက်ပျက်စီးတယ်။ လေးတိုင်စဉ်ရွာကိုက မနေ့က ည ၁၁ နာရီလောက်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်သွားတာပါ။ လေးတိုင်စင်ကျေးရွာကိုပါ ပြည်သူသေဆုံးတာတော့ မရှိပါဘူး။ ပြည်သူ ၂ ဦးတော့ ထိခိုက်ဒဏ်ရာရတယ်။ ဒီနေ့ စမ်းကန်ကြီးရွာကို ထပ်ကျဲတာက ပြည်သူ ၁ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦး ပြင်းထန် ဒဏ်ရာရတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။



