ရန်ကုန်၊ ဩဂုတ် ၂၃
မြန်မာနိုင်ငံမှ လူငယ်များကို သတ်ဖြတ်ပြီး စစ်မှုထမ်းခိုင်းနေသည့် မင်းအောင်လှိုင်က လူငယ်ဖိုရမ်ကျင်းပခိုင်းပြီး သူကိုယ်တိုင် တက်ရောက် စကားပြောမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ဩဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ MCC စင်တာတွင် မြန်မာ့အနာဂတ်စာမျက်နှာ လူငယ်မဟာဗျူဟာ ဖိုရမ်- ၂၀၂၅ ကို အကြမ်းဖက် မင်းအောင်လှိုင်၏ စေခိုင်းချက်အရ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မင်းအောင်လှိုင်က တက်ရောက်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
” လူငယ်ဖိုရမ်ကိုတော့ သူကိုယ်တိုင် တက်မယ်လို့ လောလောဆယ် သိထားတယ်။ ဖွင့်ပွဲ အခမ်းအနားမှာ သူစ ကားပြောမယ်။ အဲဒီဖိုရမ်ကို ပြည်ထောင်စုအဆင့် ကျင်းပခိုင်းတာဖြစ်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် လူငယ်မဟာဗျူဟာဖိုရမ်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းအစိုးရနှင့် စစ်လော်ဘီ ကိုကို(စက်မှုတက္ကသိုလ်) ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သော မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ တို့က ပူးပေါင်းစီစဉ်ခြင်းဖြစ်ကြောင်း သတင်းဖော်ပြထားသည်။
အဆိုပါ ဖိုရမ်မှာ မင်းအောင်လှိုင်က လူငယ်များကို ပြန်လည် စည်းရုံးရန် ရည်ရွယ်ထားပြီး အခြားသော နိုင်ငံများမှ စစ်တပ်နှင့်အလျဉ်းသင့်သော ပညာရှင်အမည်ခံများ တက်ရောက် စာတမ်းဖတ်ကြားကြမည်ဖြစ်ကြောင်း၊ ယင်းလူငယ်ဖိုရမ်၏ နောက်ဆုံးရက်တွင် စစ်တပ်က ဦးဆောင် လုပ်ဆောင်နေသော ရွေးကောက်ပွဲ အပါအဝင် နိုင်ငံရေး လမ်းကြောင်းကို ထောက်ခံသော ကြေညာချက် ထွက်ရန်ရှိနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
