23.7 C
Yangon

ကောလင်းမြို့နယ်၊ ပေပင်ချောင်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ၊ ကန့်ဘလူတွင်လည်း စစ်တပ်က စစ်ကြောင်းထိုးနေ

Must read

ရန်ကုန်၊ ဩဂုတ် ၂၃

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ပေပင်ချောင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ် ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Kawlin People Defense Force ထုတ်ပြန်ချက်နှင့် Kawlin info မှ တာဝန်ရှိသူ တစ်ဦး၏ ပြောဆိုချက်အရ သိရှိရသည်။

ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော တိုက်လေယာဉ် ၁ စီးက ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ပေပင်ချောင်ကျေးရွာသို့ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ လယ်ကွင်းထဲ ကျရောက် ပေါက်ကွဲကာ လယ်စောင့်တဲနှင့် ဆိုင်ကယ်များ ထိခိုက်ပျက်စီးပြီး ပြည်သူများ မွေးမြူထားသော တိရစ္ဆာန် တချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“လယ်ကွင်းထဲ ကျရောက် ပေါက်ကွဲတာလို့ သိရတယ်။ ပြည်သူတွေတော့ ထိခိုက်မှုမရှိပါဘူး။ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်သွားတာပါ ” ဟု Kawlin info မှ တာဝန်ရှိသူ က ရှင်းပြသည်။

အလားတူ ဩဂုတ်လ ၂၀ ရက်နေ့ကလည်း ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၃၀ ကျော် ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး သေဆုံးကာ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ယမနေအထိုင်စခန်းမှ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းက ကျီးကျင်းကျေးရွာသို့ စစ်ကြောင်းထိုး လာကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန် ယမနေ အထိုင်စခန်းမှ အကြမ်းဖက်စစ်ကောင်စီဝင်များ တောင်ဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး လမ်းတစ်လျှောက် ဒရုန်းဖြင့် ဗုံးကျဲလာကြောင်း သိရှိရသည်။

“ စစ်ကြောင်းဝင်လာတဲ့ ကျီကျင်းရွာက ပျူရွာ မဟုတ်ဘူး ဗျူဟာလမ်းဘေးက ရွာပါ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ်အတွင်း နေ့စဉ်လိုလို လှည့်ပတ် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဩဂုတ်လ ၂၀ ရက်နေ့ကလည်း ကိုးတောင်ဘို့အထိုင်စခန်းမှ ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်းက ကြခတ်အိုင်ရွာရှိ ပြည်သူ ၁ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article