အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တရုတ်နိုင်ငံသို့ ယခုလကုန်ပိုင်း သွားရောက်မည်ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ဩဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့ အထိ ပြုလုပ်မည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization -SCO) ၏ ၅ ကြိမ်မြောက် ထိပ်သီးအစည်းအဝေး တက်ရောက်မည်ဖြစ်ပြီး တရုတ်က ဖိတ်ကြားစာ ပေးပို့ထားကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသည် SCO အဖွဲ့ဝင်နိုင်မဟုတ်သော်လည်း ၂၀၂၃ ခုနှစ်ကတည်းက SCO ၏ ဆွေးနွေးဖက် နိုင်ငံအဖြစ် အသိအမှတ်ပြုခံထားရသည်။
ထို့ပြင် အကြမ်းဖက် မင်းအောင်လှိုင်က တရုတ်နိုင်ငံတွင် စက်တင်ဘာလ ၃ ရက်နေ့ ပြုလုပ်ရန် ရှိသည့် နှစ် ၈၀ ပြည့် ဂျပန်စစ်တပ်လက်နက်ချ အညံ့ခံခြင်းနှင့် ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်း စစ်ရေးပြချီတက်ပွဲသို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။ ယင်းစစ်ရေးပြပွဲတွင် တရုတ်သမ္မတ ရှီကျင့်ပင်က တက်ရောက်အလေးပြု ဂုဏ်ပြုခံမည်ဖြစ်သည့်အပြင် တရုတ်၏ စစ်ရေးစွမ်းရည်များကိုလည်း ပြသမည်ဟု တရုတ်မှ လာသော သတင်းများတွင် ဖော်ပြထားသည်။
