ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် TNLA က ထိန်းချုပ်ထားသော ကျောက်မဲမြို့နယ်နှင့် မိုင်းငေါ့မြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူတချို့ သေဆုံးပြီး နေအိမ်များ မီးလောင်ကာ ဘုန်းကြီးကျောင်းပျက်စီးသွားကြောင်း TNLA ၏ ထုတ်ပြန်ချက်နှင့် ကျောက်မဲတွင် စစ်ဘေးရှောင် ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။
ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြိုနယ်၊ ကွန်စလမ်းကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၂လုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦးသေဆုံးခဲ့ပြီး သံဃာတော် ၂ ပါး ၊ သံမဏေ ၁ ပါး၊ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦးတို့အပါအဝင် စုစုပေါင်း လူ ၇ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
ထိုအပြင် ကွန်းစလမ်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်းရှိ ဘုရားခန်း ၁ ခန်း၊ ဆွမ်းစားအဆောင် ၁ဆောင်၊ ဇရပ် ၂ ခု၊ ကျေးရွာဆေးပေးခန်း ၁ ခန်းနှင့် နေအိမ် ၁၂ အိမ်လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
အလားတူ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာကိုလည်း စစ်တပ်က ယမန်နေ့ တစ်နေ့လုံး လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ စစ်တပ်စစ်ကြောင်းက ကျေးရွာအတွင်းသို့ ဝင်ရောက်ပစ်ခတ်ခြင်းတို့ကြောင့် စစ်ဘေးမရှောင်နိုင်ဘဲ ပိတ်မိနေသော ပြည်သူ ၁ ဦးသေဆုံးကြောင်း၊ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့်လည်း နောင်ပိန်ကျေးရွာအတွင်း နေအိမ်များ မီးလောင်သည့်အပြင် လူသေဆုံးမှုတချို့လည်းရှိကြောင်း သိရှိရသည်။
“မနေ့က တစ်နေကုန် စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲတယ်။ မြေပြင်မှာ စစ်ကြောင်းတွေက နောင်ပိန်ကျေးရွာထဲ ဝင်လာပြီ။ ပိတ်မိတဲ့စစ်ဘေးရှောင် ပြည်သူတချို့ ပစ်သတ်ခံရတယ်။ ဒဏ်ရာရတာလည်းရှိတယ်။ လေယာဉ်နဲ့ ဗုံးကျဲလို့ စစ်ဘေးရှောင် ပြေးရင်း လွှားရင်း သေတာတွေလည်းရှိတယ်။ ကယ်ဆယ်ရေးက လုပ်မရတော့ဘူး။ စစ်ကြောင်းက ဝင်သွားပြီ။ အခြေအနေကတော့ နှစ်ဖက်စလုံးက ပစ်ခတ်နေတော့ မပြေးတဲ့သူတွေ ကြားညှပ်ကုန်တာ။ သေဆုံးတာက အနည်းဆုံး မရှိဘူးဆိုရင် ၆ ဦးအထက်လောက်ရှိနိုင်တယ်။ နောင်ပိတ်ရွာထဲဝင်မရတော့ အတိအကျ မသိရသေးဘူး” ဟု ကျောက်မဲမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများကို ကူညီနေသော မြို့ခံတစ်ဦးက အခြေအနေကို ရှင်းလင်းပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က မိုးကုတ်၊ ကျောက်မဲနှင့် သီပေါမြို့တို့ကို ယခုဩဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ရာ ကလေး ၃ ဦး၊ သံဃာတော် ၂ ပါး၊ အမျိုးသမီး ၁၇ ဦးနှင့် အမျိုးသား ၁၆ ဦး စုစုပေါင်း လူ ၃၈ ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။


