25.4 C
Yangon

ဖားကန့်တွင် စစ်တပ်နှင့် လက်အောက်ခံ SNAအဖွဲ့ဝင်များ လိုက်ပါလာသော ကားကို ကြားဖြတ် တိုက်ခိုက်မှု ဒရုန်း ၅ စီးနှင့် ကား ၁ စီး သိမ်းဆည်းရရှိ၊ စစ်တပ်က လုံးခင်းရွာမှ ပြည်သူ ၆ ဦးကို ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဩဂုတ် ၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် SNA အဖွဲ့ဝင်များ လိုက်ပါလာသော ကားကို ကြားဖြတ် တိုက်ခိုက်ရာ ဒရုန်း ၅ စီးနှင့် ကား ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၃ ရက်နေ့ ညနေပိုင်းတွင် ဖားကန့်မြို့နယ်၊ နမ္မမြစ်အနီး စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် SNA အဖွဲ့ဝင်များ လိုက်ပါလာသောကား KIA၊ KPDF ပူးပေါင်း အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ကား ၁ စီး ၊ တိုက်ခိုက်ရေး ဒရုန်းအကြီး ၄ စီးနှင့် ကင်းထောက် ဒရုန်း အသေး ၁ စီးကို သိမ်းပိုက်ရရှိခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်နှင့် SNA အဖွဲ့ဝင်များ အထိနာပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“ဖားကန့်မြို့နယ် အတွင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ခွေးတွေနဲ့ ရှမ်းနီတွေ လိုက်ပါလာတဲ့ကားကို ကြားဖြတ် တိုက်ခိုက်တာ ကား ၁ စီးနဲ့ ဒရုန်းတွေ သိမ်းဆည်းရရှိတာပါ။ စစ်ခွေးတွေကတော့ တိုက်ပွဲအတွင်း အထိနာပြီး ပြန်လည် ဆုတ်ခွာသွားတယ်” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် လုံးခင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း ကားဝပ်ရှော့မှ အရပ်သားပြည်သူ ကိုဇော်မင်းထွန်း ၊ ကိုမျိုးဇင်ထွန်း ၊ ကိုအောင်ရှိုင်းမင်း၊ ကိုကျော်ဇောဟိန်း၊ ကိုအောင်မြတ်ဦးနှင့် ကိုသူရထက်နိုင်တို့ကို ဖမ်းဆီးသွားပြီး လက်ရှိအချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ဖားကန့်မြို့နယ်အတွင်း KPDF ဝတ်စုံများဝတ်ဆင်၍ စစ်ကြောင်း လှုပ်ရှားနေပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ အကြား အထင်အမြင်လွဲမှားစေရန် အကွက်ချ လုပ်ဆောင်နေပြီး အကြမ်းဖက် စစ်တပ်က ကိုင်ဆောင်သော လက်နက်များနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ကိုင်ဆောင်သော လက်နက်များ အမျိုးအစား ကွဲပြားသည်ကို သတိပြုကြရန် တော်လှန်ရေး တပ်ဖွဲ့များ အသိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article