၁၀ ရက်ကြာတိုက်ပွဲအတွင်း စစ်တပ်က အတင်းအဓမ္မ စုဆောင်းထားသော ဟိန္ဒူ ဂေါ်ရခါးလူမျိုး စစ်မှုထမ်းစစ်သားအများအပြား သေဆုံး
ရန်ကုန်၊ ဩဂုတ် ၂၄
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား အလောင်း ၃ လောင်း၊ လက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိပြီး စစ်သုံ့ပန်း ၁ ဦးကိုလည်း ဖမ်းဆီးရရှိကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။
သြဂုတ်လ ၆ ရက်နေ့မှ ဩဂုတ်လ ၁၅ ရက်နေ့အထိ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာသို့ တတက-၁၀ မှ ဗိုလ်မှူး သန်းမင်းထိုက်၊ ဗိုလ်ကြီး ထွန်းလင်းသူ နှင့် စကခ-၁၀ လက်အောက်ခံ ခမရ-၃၆၃ မှ ဗိုလ်ကြီး ၀င်းမင်းစိုး တို့ဦးစီးသည့် ခန့်မှန်းအင်အား ၁၂၀ ကျော် စစ်တပ်စစ်ကြောင်းက ထိုးစစ်ဆင်လာကြောင်း၊ အဆိုပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြရာ စစ်သားအလောင်း ၃ လောင်းရရှိခဲ့ပြီး စစ်သုံ့ပန်း ၁ ဦးဖမ်းမိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အတင်းအဓမ္မစစ်သားစုဆောင်းထားသော ဟိန္ဒူ ဂေါ်ရခါးလူမျိုး စစ်မှူထမ်းစစ်သား အများအပြား သေဆုံးခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း စစ်တပ်၏ လက်နက်မျိုးစုံ ၁၀ လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရရှိခဲ့ရာတွင် MG-42 ၁ လက်၊ BA-100 ၁ လက်၊ MA-4 ၁ လက်၊ MA-E ၂ လက်၊ MA-1 ၂ လက်၊ MA-3 ၂ လက် ၊ G-3 ၁ လက်၊ MG-42 ပြောင်းပို ၂ ခု ၊ RPG ဒုံးသီး ၅ ခု ၊ ကျည်ဘောက်မျိုးစုံ ၂၄ ခု အပါအဝင် ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
၁၀ ရက်ကြာ တိုက်ပွဲကို တော်လှန်ရေးဘက်မှ အမှတ် ၅ အထူးလှုပ်ရှား တပ်ရင်း၊ အမှတ် (၆) အထူးလှုပ်ရှား တပ်ရင်း၊ ကလေးခရိုင် အမှတ် (၄) တပ်ရင်း၊ ကလေးခရိုင် အထူးစစ်ကြောင်း (PDF + ပကဖ)၊ ကလေးမြို့နယ် ပကဖ၊ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ၊ PDF Zoland-Drone Team တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။


