ရန်ကုန်တွင် လူငယ်များ နေ့ရောညပါ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံနေရ
ရန်ကုန်၊ ဩဂုတ် ၂၄
ရန်ကုန်သို့ အလည်သွားသည့် နတ္တလင်းမှ လူငယ် ၃ ဦး၊ လှိုင်သာယာစက်ရုံမှ လုံခြုံရေး လူငယ်များနှင့် ရွှေပန်း ထိမ်လုပ်ကိုင်သူ ကိုချစ်ထူးတို့ကို စစ်တပ်နှင့်ပျူစောထီးများက စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး ရန်ကုန်မြို့တွင် လူငယ်များ တောက်လျှောက်ဆိုသလို ဖမ်းဆီးခံနေရကြောင်း ဖမ်းဆီးခံရသူ လူငယ်များ၏ မိဘဆွေမျိုးများထံမှ သိရှိရသည်။
ဩဂုတ်လ ၁ ရက်နေ့ နတ္တလင်းမြို့နယ်မှ ရန်ကုန်မြို့သို့ လာရောက်အလုပ်လုပ်နေကြသည့် လူငယ် ၃ ဦးသည် ရုတ်တရက် အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးသွားပြီး မိဘများက လိုက်လံ ရှာဖွေကြရမှ လူငယ် ၃ ဦးစလုံး စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရကြောင်း၊ ၎င်းတို့ကိုင်ဆောင်သော မကွေးမှတ်ပုံတင် ၈/ကို စစ်တပ်က စစ်ဆေးရင်း စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံခဲ့ရသူသိရှိရကြောင်း မိတ်ဆွေများက ပြောဆိုသည်။
“ရန်ကုန်မှာ သွားအလုပ်လုပ်နေတဲ့ နတ္တလင်းက လူငယ် ၃ ဦး ဩဂုတ်လ ၁ ရက်နေ့ မှာ ဖမ်းဆီးခံရတယ်။ မကွေး ၈/ မှတ်ပုံတင်ကိုင်ဆောင်တာပါ။ အဲဒီအထဲမှာ လူငယ် ၁ ဦးက မကွေးဘက်မှာရှိတဲ့ စစ်သင်တန်းကျောင်းအပို့ခံရပြီး နတ္တလင်းမှာရှိတဲ့ မိဘကို ပြန်ဆက်သွယ်လာတယ်။ သူတို့ စစ်မှုထမ်းအဖြစ် အဖမ်းခံရတယ်ဆိုတာ အသိပေးတယ်။ ကျန် ၂ ဦးကတော့ ဘယ်သင်တန်းကျောင်း ရောက်လဲမသိရသေးဘူး” ဟု ယင်းဖြစ်စဉ်ကို သေချာစွာ သိရှိထားသော သတင်းရင်းမြစ်က ရှင်းပြသည်။
အလားတူ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ တရုတ်ပိုင် ထုံလိစက်ရုံတွင် အလုပ်လုပ်နေ ကြသည့် လုံခြုံရေးလူငယ်များသည် ဩဂုတ်လ ၁၅ ရက်နေ့ စက်ရုံသို့ လာရောက်အလုပ်လုပ်ဆင်းစဉ် လမ်းတွင် စစ်တပ်နှင့်ပျူစောထီးများက ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း၊ အဆိုပါ ဖမ်းဆီးခံ လူငယ်များ လွတ်မြောက်ရေး စက်ရုံက လိုက်လံစုံစမ်းသောအခါ စစ်တပ်က စစ်မှုထမ်း အဖြစ် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ထုံလိစက်ရုံက လုံခြုံရေး လူငယ်တွေ လှိုင်သာယာရွှေလင်ဗန်း မီးသတ်ရုံအဝိုင်းနား ဆရာရှမ်းလမ်း ရေခဲစက်နားမှာ စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားပါတယ်။ ပရိုဘောက်ကားအဖြူရောင်နဲ့ အရပ်ဝတ် လူတစ်စုက လူငယ်တွေကို ဖမ်းဆီးတာပါ” ဟု ဖမ်းဆီးခံရသော လူငယ်များ၏ မိတ်ဆွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်မြို့ပေါ်တွင်ပင် စစ်တပ်က လူငယ်များကို ပေါ်ပေါ်တင်တင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လာလျက်ရှိပြီး အလုပ်သွားအလုပ်ပြန်အချိန်များ၊ ညပိုင်းအချိန်များ၊ နေအိမ်များတွင် ဧည့်စာရင်းစစ်ခံရပြီး ဖမ်းဆီးရခြင်းများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့မှာ ရွှေပန်းထိမ်လုပ်ကိုင်နေသည့် ကိုချစ်ထူးမှာ ဩဂုတ်လ ၃ ရက်နေ့ ညနေပို စစ်မှုထမ်းရန် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှုခံလိုက်ရကြောင်း သိရှိရသည်။
ယုဇနဥယျာဉ်မြို့တော် အိမ်ရာဝန်းတွင် နေထိုင်သော အသက် ၂၉ နှစ်အရွယ် ရခိုင်လူမျိုးကိုချစ်ထူးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခေါ်ယူသွားခြင်းဖြစ်ကြောင်း၊ မြောက်ဒဂုံသို့ သွားအပြန်လမ်း ကားမှတ်တိုင်တွင် စစ်ကားက ဝင်ရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ယုဇနဥယျာဉ်ကနေ မြောက်ဒဂုံသွားပြီး အပြန်မှာ မဝတ ကားမှတ်တိုင်မှာ စစ်ကောင်စီကားတွေနဲ့ တွေ့လို့ စစ်ဆေးမေးမြန်းရာကနေ အဖမ်းခံရသွားတာပါ။ သူ့မှာ ဘာအပြစ်မှ မရှိပါဘူး။ ကိုချစ်ထူးက ပန်းထိမ်အလုပ်ကို လုပ်ကိုင်ပြီး သက်မွေးဝမ်းကျောင်းပြုနေတာပါ။ စစ်ကောင်စီက မတရားဖမ်းဆီးသွားတာပါ။ အဓိကတော့ ရခိုင်ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အငြိုးတွေနဲ့ ဖမ်းသွားတာပါ” ဟု ဖြစ်စဉ်သိထားသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကိုချစ်ထူးကို မြောက်ဒဂုံအထွေထွေအုပ်ချုပ်ရေးရုံးသို့ ခေါ်ယူသွားပြီး မိသားစုဝင်များထံ ဖုန်းဆက်ကာ ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်ရွေးရန် အကြောင်းကြားခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“မိသားစုဝင်တွေက ပိုက်ဆံ သိန်း ၁၀၀ မရှိဘူးလေ။ မိသားစုတွေက ဆင်းရဲကြတယ်။ ကျပ် သိန်း ၁၀၀ ဆိုတာ နည်းတာမှမဟုတ်တာ။ ပြန်ရွေးရင်တောင် လုံခြုံရေး အမခံချက်မရှိဘူးလို့ ထွေ/အုပ်ရုံးက ပြောတယ်။ အဲလိုနဲ့ ကြားထဲမှာ နှစ်ရက်သုံးရက်လောက် ကြာသွားတော့ အခု စစ်မှုထမ်း ပို့လိုက်ကြပြီလို့ ပြောတယ်” ဟု အဆိုပါ နီးစပ်သူ ဆက်လက်ပြောဆိုသည်။
ကိုချစ်ထူးမှာ စစ်မှုထမ်းပါသည်ဟုဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြောက်ဒဂုံထွေ/အုပ်ရုံးကနေ တိုက်ကြီးမြို့ အမှတ် ၁ လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ပို့လိုက်ကြကြောင်း၊ မိသားစုဝင်များမှာ ကိုချစ်ထူးအား ပြန်ရွေးနိုင်ရန် ငွေချေးငှားပြီးစီစဉ်ခဲ့သော်လည်း ရက်နောက်ကျသွားသည့်အတွက် ပြန်ရွေးခွင့် မရလိုက်ကြကြောင်း သိရှိရသည်။
“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရော၊ မြောက်ဒဂုံထွေ/အုပ်ရုံးရော သပ်သပ်မဲ့ ညှစ်တာပါ။ သူတို့ ငွေမရလို့ ဒီလူငယ်ကို စစ်ထဲ ပို့လိုက်ကြတယ်။ မစားရတဲ့အမဲ သဲနဲ့ပက်ကြတာပါ။ ကိုချစ်ထူးမှာ ဘာအပြစ်မှမရှိဘဲ ပြန်လွှတ်ပေးလို့ရပါတယ်။ ပထမ သူတို့က ငွေညှစ်ချင်လို့ ဖမ်းသွားတာ။ မိသားစုဝင်တွေက မရွေးနိုင်တော့ စစ်မှုထမ်းပါတယ်ဆိုပြီး အတင်းပို့လိုက်ကြတာပါ။ တော်တော် ယုတ်မာကောက်ကျစ်ကြတဲ့ သူတွေပဲ” ဟု ရန်ကုန်ရောက် ရခိုင်ဒေသခံတစ်ဦးက ဆိုသည်။
ကိုချစ်ထူးအား မိသားစုဝင်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မြောက်ဒဂုံထွေ/အုပ်ရုံးထံ တွေ့ခွင့် တောင်းဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ တွေ့ခွင့်မပေးသေးကြောင်း သိရသည်။
ရခိုင်လူမျိုး ကိုချစ်ထူး ဖမ်းဆီးခံရသည့်သတင်းကြောင့် ရန်ကုန်တိုင်းရှိ ရခိုင်တိုင်းရင်းသားများမှာ စိုးရိမ်မှုများ မြင့်တက်လျှက်ရှိနေပြီး သွားလာမှုကို သတိထားဆင်ခြင်နေရကြောင်း သိရသည်။
စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့ အထူးသဖြင့် ၎င်းတို့ထိန်းချုပ်ထားသည့် မြို့ကြီးများတွင် ရခိုင်တိုင်းရင်းသားများအပါအဝင် လူငယ်အများအပြားကို မတရားဖမ်းဆီးကာ ငွေညှစ်တောင်းယူနေကြောင်းနှင့် ငွေမရလျှင် စစ်မှုထမ်းသင်တန်းပို့ ပို့ဆောင်နေကြကြောင်း သိရသည်။


