တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ၊ NUG ၊ NUCC၊ CRPH နှင့် ပြည်နယ်/ဖက်ဒရယ် ယူနစ်များ ပူးပေါင်း၍ ခိုင်မာသည့် နိုင်ငံရေး တပ်ပေါင်းစုတရပ် ဖွဲ့စည်းရေး တိုက်တွန်း
ရန်ကုန်၊ ဩဂုတ် ၂၄
အကြမ်းဖက် စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူလူထုတရပ်လုံး ဆန့်ကျင်ကြရန် ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့တွင် အထွေထွေ သပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) က တောင်းဆိုလိုက်သည်။
အကြမ်းဖက် စစ်ကောင်စီသည် လက်ရှိချိန်၌ နိုင်ငံရေး မျက်နှာစာတွင် အတုအယောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် အတုအယောင် ရွေးကောက်ပွဲများဖြင့် လူထုကို လှည့်ဖြားခြင်း၊ လိမ်လည်ခြင်းများ ပြုလုပ်၍ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှု၊ မတရားမှု၊ ဖိနှိပ်မှုများကို နိုင်ငံရေးခဝါချ ထွက်ပေါက်ရရေးအတွက် စစ်အုပ်စုက အပြင်းအထန် ကြိုးပမ်းနေကြောင်း သိရသည်။
ထို့ကြောင့် ရွေးကောက်ပွဲသည် တိုင်းပြည်နှင့် လူထုအတွက် ထွက်ပေါက် လုံးဝ (လုံးဝ) မဟုတ်ဘဲ ထောင်ချောက် စစ်စစ်သာလျှင် ဖြစ်ကြောင်း၊ ဤ တရားမဝင် အတုအယောင် ရွေးကောက်ပွဲသည် ဖိနှိပ်မှုပေါင်းစုံကြားမှ အကြောက်တရားဖြင့် ခက်ခဲစွာ ရုန်းကန်နေရသော လူထုကို ဖိနှိပ်မှုများ၊ လိမ်လှည်လှည့်ဖြားမှုများ ထပ်မံ ပြုလုပ်၍ စစ်ရာဇဝတ်ကောင် အဖြစ်မှသည် ဒီမိုကရေစီ အရေခြုံ အာဏာရှင် အရပ်သား အစိုးရတု တစ်ရပ်အဖြစ် အသွင်ပြောင်းရန် ကျင်းပမည့် ရွေးကောက်ပွဲသာလျှင် ဖြစ်ကြောင်း ဖော်ပြထားသည်။
“တော်လှန်ရေးရဲ့ လမ်းဆုံလမ်းခွ အခြေနေရောက်နေတာရယ် တစ်ဖက်က စစ်အုပ်စုရဲ့ ဆောင်ရွက်လာတဲ့ အခင်းအကျင်းတွေ စစ်ရေးထိုးစစ် နိုင်ငံရေး ထိုးစစ် နည်းနာစုံနဲ့ ဖိစီးနှိပ်စက်မှုတွေကို ကျနော်တို့ တော်လှန်ရေး အင်အားစုတွေဘက်က စုစုစည်းစည်းနဲ့ စုစည်းပြီးတော့မှ စစ်ရေးထု နိုင်ငံရေးထု မဟာမိတ်ထု အုပ်ချုပ်ရေးထု ဒီလိုထုတွေ ခိုင်မာမာတည်ဆောက်ပြီးတော့မှ တန်ပြန်တုံ့ပြန်ပြီးတော့မှ လူထုမျှော်လင့်တဲ့ နိုင်ငံတော်သစ် တရပ်ကို အားလုံးစုစည်းပြီး တည်ဆောက်နိုင်ဖို့အတွက် နိုင်ငံရေး ယုံကြည်ချက် နိုင်ငံရေး မျှော်မှန်းချက်နဲ့ ထုတ်ပြန်တာဖြစ်ပါတယ်” ဟု အထွေထွေ သပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) မှ တာဝန်ရှိသူက ပြောဆိုသည်။
အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင် နိုင်ငံရေး ခဝါချ လမ်းစဉ်များကို ဆန့်ကျင်ကာ တော်လှန်ရေး အင်အားစုများအနေဖြင့်အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ကို ပိုမိုအလုပ်ဖြစ်၍ စွမ်းဆောင်ရည် ပြည့်ဝသော နိုင်ငံရေး ခေါင်းဆောင်မှုအားကောင်းသည့် ကောင်စီ နှင့် အစိုးရတရပ်အဖြစ် အမြန်ဆုံး ပြောင်းလဲ ပြင်ဆင်ရေး၊ တော်လှန်ရေး စိုးမိုးနယ်မြေများတွင် ဒေသန္တရ ဒီမိုကရေစီနှင့် ဒေသန္တရ အုပ်ချုပ်ရေးတို့ ဖော်ဆောင်နိုင်ရေးကို ဦးတည်ဆောင်ရွက်ရန်နှင့် ဖက်ဒရယ်ယူနစ်များ အားကောင်းရေးအတွက် အတူယှဉ်တွဲ (Coming Together) ဖက်ဒရယ်သဘောတရားကို အခြေခံ၍ ပြည်နယ်အားကောင်းရေး မှသည် ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) ချည်းကပ်မှုဖြင့် အနာဂတ် ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် ရည်မှန်းချက်ထား ဆောင်ရွက်သွားရေးများ လုပ်ဆောင်ရန် GSCB က တိုက်တွန်းထားသည်။
ထို့ပြင် အသွင်ကူးပြောင်းရေးကာလ နိုင်ငံရေးသဘောတူညီချက်နှင့် အစီအမံများကို တော်လှန်ရေး အင်အားစုများကြားတွင် သဘောကြည်ဖြူစွာ သဘောတူလက်ခံနိုင်ရေးအတွက် ပိုမို လုံ့လစိုက်ထုတ်ဆောင်ရွက်ရေးနှင့် အဆိုပါ သဘောတူညီမှုဖြင့် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ ပြည်နယ်/ ဖက်ဒရယ် ယူနစ်များနှင့် အမျိုးသားညီညွတ်ရေး အစိုးရတို့ ပူးပေါင်း၍ ခိုင်မာသည့် နိုင်ငံရေး တပ်ပေါင်းစု တရပ် ဖွဲ့စည်းရေးတို့ ဖြစ်ကြောင်း GSCB က ပြောဆိုထားသည်။
ယင်း နိုင်ငံရေး လုပ်ငန်းစဉ်များဖြင့် နိုင်ငံရေးထု၊ အုပ်ချုပ်ရေးထုနှင့် တကွ စစ်ရေးထုကို ဟန်ချက်ညီ တည်ဆောက်ရင်း စစ်အုပ်စု၏ နိုင်ငံရေး ခဝါချမှု၊ မင်းအောင်လှိုင်၏ အာဏာရူးမှု တို့ကို ဆက်လက် ရင်ဆိုင် တိုက်ပွဲဝင်ကြရမည် ဖြစ်ပြီး ရှေ့ခရီးသည် လူထုအတွက် ကြမ်းတမ်း ခက်ခဲမှုများ ရှိနေကြောင်း၊ ခေတ်အဆက်ဆက် ပြည်သူအပေါင်းနှင့် အာဇာနည်အပေါင်းတို့၏ အသက်၊ သွေး၊ ချွေးတို့ဖြင့် ရင်းနှီးပေးဆပ် တိုက်ပွဲဝင်မှုများနှင့် ထိုက်တန်သည့် အနာဂတ်သစ်ကို ပိုင်ဆိုင်နိုင်ရေးအတွက် စစ်အုပ်စု အလုံးစုံ ပျက်သုဉ်းရေးကို ဆက်လက် တိုက်ပွဲဝင်သွားကြရမည် ဖြစ်ကြောင်း တိုက်တွန်းအပ်ထားသည်။
