ရခိုင်ပြည်မှ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု တရားခံ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC က ဖမ်း၀ရမ်းထုတ်ရန်နှင့် ဘဏ္ဍာငွေပံ့ပိုးခဲ့သည့် KBZ နှင့် Max တို့ကို အရေးယူရန် Justice For Myanmar(JFM) က ယနေ့ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ၈ နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် တောင်းဆိုလိုက်သည်။
ယနေ့သည် ရိုဟင်ဂျာများအပေါ် မြန်မာစစ်အုပ်စု၏ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ၈ နှစ်မြောက်နေ့ ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်းများစွာသည် မြန်မာစစ်အုပ်စု၏ “နယ်မြေရှင်းလင်းစစ်ဆင်ရေး” အတွက် ပံ့ပိုးကူညီရန် ဒေါ်လာသန်းပေါင်းများစွာကို စစ်အုပ်စုထံ တိုက်ရိုက်လှူဒါန်းခဲ့ကြကြောင်း၊ ယင်းကုမ္ပဏီများနှင့် အဖွဲ့အစည်းများအား ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) က မှတ်တမ်းတင်ထားရှိခဲ့ပြီး၊ ယင်းတို့အား ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
စစ်တပ်နှင့်ဆက်နွယ်နေသော ခရိုနီကုမ္ပဏီများဖြစ်ကြသည့် KBZ နှင့် Max တို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အင်အားသုံး ထွက်ပြေး တိမ်းရှောင်စေခဲ့သည့် ရိုဟင်ဂျာဒုက္ခသည်များကို မိမိနေအိမ်များထံ ပြန်လာနိုင်ခြင်းမရှိစေရန် နယ်စပ်ခြံစည်းရိုး ဆောက်လုပ်ရေးအတွက် ငွေကြေးလှူဒါန်းမှုများစွာ ပေးအပ်ခြင်းဖြင့် အထူးအားပေးအားမြောက်ပြုသူများအဖြစ် ပါဝင်ခဲ့ကြသည်ဟု JFM က ဆိုသည်။
ကြံရာပါကုမ္ပဏီများနှင့် အဖွဲ့အစည်းများအား ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး၊ တရားစွဲဆိုရမည်ဖြစ်ပြီး ICC တရားရုံးအနေဖြင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရိုဟင်ဂျာများအပေါ် အကာအကွယ်ပေးရေး၊ မြန်မာစစ်အုပ်စုနှင့် အာရက္ခတပ်တော်တို့မှ ကျူးလွန်သူအားလုံးအား အရေးယူအပြစ်ပေးနိုင်ရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း JFM က တောင်းဆိုထားသည်။
KBZ နှင့် Max ကုမ္ပဏီတို့မှာ “အခြားလူမဆန်သည့်ပြစ်မှုကြီးများ” တွင် ပါဝင်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ ကျူးလွန်ရာတွင် ကြီးကြီးမားမားတိုက်ရိုက်ပံ့ပိုးပေးခဲ့ကြောင်း FFM က သုံးသပ်ခဲ့ပြီး ယင်းတို့အား တရားစွဲဆိုရန် တိုက်တွန်းတောင်းဆိုထားသည်။
ယခုအချိန်အထိ ယင်းကုမ္ပဏီများကို အပြစ်ပေးအရေးယူတာဝန်ခံစေခြင်း မရှိသည့်အပြင် အဆိုပါ ကျူးလွန်သူများပင် ကျူးလွန်လျက်ရှိသည့် လက်ရှိနိုင်ငံတကာရာဇဝတ်မှုများမှ အကျိုးအမြတ်များ ဆက်လက် ရရှိနေကြကြောင်း၊ တရားမျှတမှုမှာ ၈ နှစ်ကြာ မျက်ကွယ်ပြုငြင်းပယ်ခံထားရကြောင်း၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေခြင်းသည် ရာဇဝတ်မှုကြီးများ ကျူးလွန်သည့်စစ်အုပ်စုနှင့် ငွေကြေးထောက်ပံ့သည့် ခရိုနီများအား ပိုမိုရဲတင်းစေခဲ့ကြောင်း JFM က ထောက်ပြထားသည်။
ရိုဟင်ဂျာများသည် မြန်မာစစ်အုပ်စုနှင့် အာရက္ခတပ်တော်တို့၏ ဆိုးဆိုးရွားရွား နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်မှုများကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း လူအခွင့်အရေးဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီးက ပြောဆိုထားပြီး
တာဝန်ယူမှုတာဝန်ခံမှု အပြည့်အဝ ရှိစေရမည်ဟု ပြောဆိုထားသည်။
