ရန်ကုန်၊ ဩဂုတ် ၂၅
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် KIA ပူးပေါင်းတပ်များက ပြန်လည်ထိုးစစ်ဆင်သဖြင့် တိုက်ပွဲပြင်း ထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၄ ရက်နေ့မှစတင်၍ KIA ပူးပေါင်းတပ်များက ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ပြန်လည် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ဗန်းမော်မြို့ပေါ်ရှိ စကခ ၂၁ တွင် တိုက်ပွဲပြင်းထန်နေကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိထားကြောင်း၊ စစ်တပ်က လေယာဉ်ဖြင့် ယနေ့ ၁၂ ကြိမ် ဗုံးကျဲခုခံတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“မနေ့နဲ့ ဒီနေ့ ဗန်းမော် စကခ ၂၁ ဝန်းကျင်မှာ တိုက်ပွဲ တော်တော်ပြင်းထန်နေတယ်။ စစ်ခွေးဘက်က ထိခိုက် ကျဆုံးမှု အတော်များပါတယ်။ ဒီနေ့လေကြောင်းပစ်ကူ ၁၂ ကြိမ်ရှိပြီ စစ်ခွေးလက်နက်တွေ အများကြီးသိမ်းဆည်းရရှိထားပါတယ်။ KIA တပ်ပေါင်းစုတွေဘက်က တန်ပြန်ထိုးစစ်လုပ်တာပါ” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်ကလည်း ဗန်းမော်မြို့၌ အကြမ်းဖက် စစ်တပ်နှင့် KIA ပူး ပေါင်းတပ်များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်၏ တင့်ကား ၁ စီးကို ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ အထိနာခဲ့သောကြောင့် ဗန်းမော်မြို့ပေါ်မှ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ KIA ပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ တိုက်ပွဲကာလ ၉ လကျော်ကြာမြင့်လာပြီဖြစ်သည်။
